ဆီးဂိမ်းမှာ တိုက်ခိုက်မယ်ဆိုတာ မဟုတ်ကြောင်း ကေအိုင်အေ ငြင်း
10.12.2013
မြန်မာ အစိုးရ ရုံးစိုက်ရာ နေပြည်တော်က မြို့မဈေးမှာ ဈေး တာဝန်ခံက
ကေအိုင်အေ အဖွဲ့က ဆိုတဲ့ အကြမ်းဖက်သမား ၃ ယောက်နဲ့ ပတ်သက်တဲ့
အချက်အလက်တချို့ကို ရေးထားတဲ့ အသိပေး ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီတော့ ဒီအသိပေးချက်နဲ့ ပတ်သက်လို့ သူတို့ကို ချပြထားတာတော့ ရှိပေမယ့်
နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့က ဒုတိယ ရဲမှူးကြီး
ဦးမင်းအောင်က ပြောပါတယ်။
ကေအိုင်အို ဘက်ကတော့ အခု အသိပေး
ကြေညာချက်မှာ ပါတဲ့ ဆီးဂိမ်း ပြိုင်ပွဲကာလ အတွင်းမှာ ကေအိုင်အေ အဖွဲ့ဝင် ၃
ယောက်က အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့
လုံးဝ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။
ကေအိုင်အို ကချင် လွတ်လပ်ရေး
အဖွဲ့ရဲ့ Technical Team လုပ်ငန်းပိုင်း ဆိုင်ရာ အဖွဲ့ခေါင်းဆောင်
ဦးဒေါင်ခါးက မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နေတဲ့
အခင်းအကျင်းမှာ ကေအိုင်အို အနေနဲ့ ဖျက်လို ဖျက်ဆီး လုပ်လိုတဲ့သဘော
မရှိဘူးလို့ ပြောပါတယ်။
အခုလို လုပ်ရပ်ကြောင့် အစိုးရနဲ့
ကေအိုင်အိုကြား လက်ရှိ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို
တိုက်ရိုက် ထိခိုက်မှု မရှိပေမယ့် နောင်ပြုလုပ်မယ့် ဆွေးနွေး
ညှိနှိုင်းမှုတွေအပေါ် နိုင်ငံတကာက အထင်အမြင် လွဲမှားမှု ရှိနိုင်တယ်လို့
ဦးဒေါင်ခါးက ပြောပါတယ်။
နေပြည်တော် နယ်မြေထဲမှာ
တိုက်ခိုက်မှုလုပ်မယ် ဆိုတဲ့ ကိစ္စဟာ ကေအိုင်အိုကိုသာမက အစိုးရရဲ့
ဂုဏ်သိက္ခာကိုပါ ထိခိုက် နိုင်တယ်လို့လည်း သူက ပြောပါတယ်။
BBC
No comments:
Post a Comment