ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် စတင် ပါဝင်

22.7.2013
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနှင့်ငြိမ်းချမ်းရေးရယူနိုင်ရန်လုပ်ဆောင် နေသော အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည်စတင်ပါဝင်လာပြီဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း က ပြောကြားသည်။
ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မြို့တော်ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာ
(Myanmar Peace Center)တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၊ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ ငြိမ်းချမ်းရေးဆိုင်ရာ တံခါး ပိတ် အစည်းအဝေး
အပြီးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ အစည်းအဝေး လာတက်တယ်။ ဒီနေ့ကစပြီး နောက်ပိုင်း
လုပ်ငန်း စဉ် တွေမှာ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု ဦးအောင်မင်းက
ဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ
အနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရန်ဇွန်လကတည်းကလွှတ်တော်ကိုတိုက်တွန်းထားကြောင်း တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များ၏ တောင်းဆိုမှုနှင့် တိုက်ဆိုင်နေခြင်း သာဖြစ်ကြောင်း၎င်း က ဆက်လက်
ရှင်းပြသည်။
ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်အားလုံးပူးပေါင်းကာဥပဒေ ဖြေလျှော့ မှု များ ပြုလုပ်သွားရန်
ရှိကြောင်း ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း
ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။
ငြိမ်းချမ်းရေးတွင် အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်နေသည့် မြန်မာ
ငြိမ်းချမ်းရေး စင်တာနှင့် လွှတ်တော် ကိုယ်စားလှယ်များ အကြားတွင် ပူးပေါင်း
ဆောင်ရွက်မှုရှိရန် လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် နိုင်ငံသားများ၏မူလအခွင့်အရေး၊ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကော် မတီ ဥက္ကဋ္ဌ
ဦးဌေးဦးက ပြောဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်းများ အကြား ဆောင်ရွက်နေသည့် ငြိမ်း ချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်းစဉ် များတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင် ဆန်းစုကြည် ပါဝင်ရန် လိုအပ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး
ကောင်စီ RCSS နှင့် ကရင် အမျိုးသား အစည်းအရုံး KNU တို့က ဇူလိုင်လ ၁၇
ရက်နေ့တွင် တိုက်တွန်း တောင်းဆိုခဲ့ သည်။
The Voice Weekly
No comments:
Post a Comment