ဆီးဂိမ်းလုံခြုံရေးကို နိုင်ငံတော်လုံခြုံရေးအဆင့် သတ်မှတ် ဆောင်ရွက်နေ

15.7.2013
နှစ်ပေါင်း(၄၀)အတွင်း မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်
ပြန်လည်ကျင်းပခွင့်ရရှိခဲ့သည့်ဆီးဂိမ်းပြိုင် ပွဲတွင် အကြမ်းဖက်မှုများ
မပေါ်ပေါက်စေရန်အတွက် လုံခြုံရေးကို နိုင်ငံတော်အဆင့် သတ်မှတ် ကာ တိုးမြှင့်
ဆောင်ရွက်နေကြောင်း အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဋ္ဌေးအောင်က
မဇ္ဈိမသို့ ပြောကြားသည်။
မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခ အခြေအနေများကြောင့် လုံခြုံရေး
အခြေအနေကို ကစားသမားများ စိုးရိမ်နေပြီး အကယ်၍ ပဋိပက္ခများ
ဆက်လက်ဖြစ်ပွားနေပါက လိုအပ်လျှင် ဆီးဂိမ်းကို ရွှေ့ဆိုင်းသင့်ကြောင်းလည်း မလေးရှား အိုလံပစ်ကော်မတီက သတင်း ထုတ်ပြန် ထားသည်။
ယင်း အခြေအနေများနှင့် ပတ်သက်၍ ဦးဋ္ဌေးအောင်က “ကျွန်တော်တို့နိုင်ငံတွင်းမှာ
ဖြစ်ပွားနေ တဲ့ ပဋိပက္ခကို မလေးရှားက စိုးရိမ်နေတယ်ဆိုတာ သဘာဝကျပါတယ်။
လတ်တလောမှာလည်း ဒီပဋိပက္ခတွေကို တာဝန်ရှိသူတွေက အတတ်နိုင်ဆုံး ဝိုင်းဝန်း
ထိန်းသိမ်းနေကြတာပဲလေ။ ဆီးဂိမ်းမှာလည်း လုံခြုံရေးကို နိုင်ငံတော်အဆင့်
လုံခြုံရေးသတ်မှတ်ပြီး ပြင်ဆင် ဆောင်ရွက်နေ ပါတယ်။ ဘယ်လို
အကြမ်းဖက်မှုမျိုးမှ မပေါ်ပေါက်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ မလေးရှား
အိုလံပစ်ကော်မတီကလည်း ကျွန်တော်တို့နဲ့ အဆက်အသွယ်အမြဲရှိပြီး သူတို့ကို
မစိုးရိမ်ဖို့လည်း အကြောင်းပြန်ထားပါတယ်” ဟု ဦးဋ္ဌေးအောင်က ဆိုသည်။
ဆီးဂိမ်းအကြို အားကစားပွဲများတွင် လုံခြုံရေးအခြေအနေနှင့် ပတ်သက်ပြီး
ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်နေကြောင်းကိုလည်း တာဝန်ရှိသူတစ်ဦး၏
ပြောကြားချက်အရ သိရသည်။ ဆီးဂိမ်း အတွက် လုံခြုံရေးကို မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့အပြင် ဒေသတွင်းနိုင်ငံများမှ ရဲတပ်ဖွဲ့များ၊ ပုဂ္ဂလိက
လုံခြုံရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည်။
Mizzima
No comments:
Post a Comment