တပ်သားလေးဦး ဖမ်းဆီးခံရမှု နေပြည်တော်သို့ တိုင်မည်ဟု ဗိုလ်မှူးကြီး တိုက်ဂါး ဆို


11-7-2013
ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်
ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA PC)မှ တပ်သားလေးဦးကို
ကျိုက်ထိုရဲစခန်းမှ ဖမ်းဆီးခဲ့ခြင်းအတွက် နေပြည်တော် မှ တာဝန်ရှိသူများကို
တိုင်ကြားမည်ဟု KNU/KNLA PC မှအထူးစစ်ဗျူဟာမှူးဗိုလ်မှူးကြီးတိုက်ဂါး က
မဇိ္ဈမသို့ ပြောသည်။
တပ်သားလေးဦး ဖမ်းဆီးခံရခြင်းမှာ ဇွန်လအတွင်းက ကရင်ပြည်နယ် ကလိုထူးဘော
စစ်ဌာနချုပ် တွင် ကျင်းပသည့် “တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင်များ
နှီးနှောဖလှယ်ပွဲ”သို့ လာရောက်သော ၈၈ မျိုးဆက်ကျောင်းသားများကို
ရန်ကုန်သို့ လိုက်ပို့ရာမှအပြန် ဇွန် ၂၀ ရက် တွင် ကျိုက်ထိုရဲစခန်းမှ
ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရာတွင် လိုင်စင်မဲ့ without ကား
မောင်းနှင်မှုကြောင့် ဖြစ်သည်။
ဗိုလ်မှူးကြီးတိုက်ဂါးက “တပ်သားတွေကို ဖမ်းတော့ စီးလာတဲ့ကားတွေကwithoutတွေဆိုပြီး
ဖမ်းတယ်။ အရင်က ဒီလိုတစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ ကျွန်တော်တို့ အဖွဲ့တွေတင်
မဟုတ်ပါဘူး။ အခြားအဖွဲ့တွေအကုန် လုံးလည်း without ကားတွေ စီးနေတာပဲ”ဟု
ဆိုသည်။
အဆိုပါ တပ်သားလေးဦးကို ဖမ်းဆီးထားသည်မှာ
တစ်လနီးပါး ရှိပြီဖြစ်ပြီး ထောင်ဒဏ် တစ်လ စီနှင့် ငွေဒဏ်နှစ်သိန်းစီ
ပြစ်ဒဏ်ချမှတ်မည်ဟု ကျိုက်ထိုရဲစခန်းဘက်မှ အကြောင်းကြား ထားကြောင်းKNU/KNLA PC မှ ဗိုလ်ကြီးဇာနည်က ဆိုသည်။ ကားကို ဖမ်းဆီးသည်မှာ ပြဿ နာ မရှိသော်လည်း လူကိုပါ ဖမ်းဆီးသည့်အတွက်နေပြည်တော်သို့ တိုင်ကြားမည် ဖြစ်သည်ဟု ဗိုလ်မှူးကြီးတိုက်ဂါးက ဆိုသည်။
ကရင်ပြည်နယ်အတွင်း ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ
ကား များ ဖြတ်သန်းသွားလာမည် ဖြစ်ပါက အစိုးရ နယ်ခြားစောင့်တပ်များအား
ကြိုတင် အကြောင်း ကြားထားရမည်ဟူ၍ စည်းကမ်းထုတ်ပြန်ထားပြီး ယခု
ဖမ်းဆီးခံခဲ့ရသည့်ကားများသည် ဖြတ်သန်း မည်ကို ကြိုတင်အကြောင်း ကြားထားပြီး
ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး တိုက်ဂါးက ဆိုသည်။
တပ်သားများအား
ထုတ်ပေးရန်နှင့် အမှုကိစ္စများ ဖြေရှင်းရန် လုပ်ဆောင်ရာတွင်
စည်းကမ်းချက် များအရ သွားလာရန် အခက်အခဲဖြစ်နေသည်ဟုလည်း သိရပြီး
ဗိုလ်ကြီးဇာနည်က “ဒီနယ်ထဲမှာ သူတို့ဘက်ကို လာမယ်ဆိုရင် ယူနီဖောင်းတွေ
လက်နက်တွေ သယ်လာလို့ မရဘူးလေ။ အခုက အမှုကိစ္စ ဖြစ်တာဆိုတော့ ရာထူးရှိတဲ့သူက
လိုက်ဖြေရှင်းပေးရမှာလေ။ အခုက ယူနီဖောင်းနဲ့ လည်း လာလို့မရဘူးဆိုတော့
ကျွန်တော်တို့ဘက်က ကိုယ်စားလှယ်တစ်ယောက်ကို စခန်းကို လွှတ်ဖို့တော့
စီစဉ်ထားတယ်” ဟု ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ကျိုက်ထိုရဲစခန်းသို့ မဇ္ဈိမက ကြိုးစားဆက်သွယ် မေးမြန်းသော်လည်း ပြန် လည် ဖြေကြားပေးမှု မရခဲ့ပေ။
Mizzima - News in Burmese
No comments:
Post a Comment