Monday, September 2, 2013

ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြဖို့ ပဒိုမန်းငြိမ်းမောင် တိုက်တွန်း

2.9.2013

ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့အပြင် ကရင်တိုင်းရင်း သားတွေကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးထောက်ခံ ပွဲကို တက်ရောက်ခဲ့တဲ့ ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က RFA ကို ပြောကြားခဲ့ တာ ပါ။

"ကျနော်တို့ ဒီငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်မှာ အစိုးရနဲ့ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးနဲ့ပဲ သွားလို့ မပြည့်စုံ ပါဘူး၊ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုကို ကရင်တစ်မျိုးသားလုံးရဲ့ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့သာလျှင် ဒီငြိမ်းချမ်းရေးကို ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်ခင်ဗျ၊ ကရင်အမျိုး သားတွေ ရှိတဲ့ နေရာဒေသတိုင်းမှာ ဒီလိုငြိမ်းချမ်းရေးကြိုဆိုထောက်ခံပွဲတွေ ပြုလုပ်ဆောင်ရွက်သွားဖို့ ကျနော်တို့ အစီအစဉ်ရှိပါတယ်"

ဒါ့အပြင် KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒီနေ့ တက်ရောက်လာတဲ့ ထောင်ဂဏန်းနီးပါးရှိတဲ့ ကရင်တိုင်းရင်းသား ပြည်သူတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ထန်းတပင်၊ ရွှေကျင်၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူးစတဲ့ မြို့နယ်တွေ က ဒေသခံကရင်တိုင်းရင်းသားတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ ကြ ပါတယ်။

ခုလိုပွဲမျိုးကို ပြီးခဲ့တဲ့ဇူလိုင်လဆန်းက ရန်ကုန်မြို့မှာကျင်းပခဲ့သလို ကရင်တိုင်းရင်းသားတွေအများ စုနေထိုင်ကြ တဲ့ ဒေသတွေမှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ကရင်အမျိုးသားညီလာခံမျိုးအထိ ကျင်းပနိုင်ဖို့ စီစဉ်ထား တယ် လို့လည်း သိရပါတယ်။

RFA

No comments:

Post a Comment