Monday, November 11, 2013

ရန်ပုံငွေ ကျပ်သိန်း ၆၀၀ မရပါက ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဆန္ဒထုတ်ဖော်မည်



11.11.2013

ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းက ပေးအပ်မည်ဟု ကတိပြုထားသော ရန်ပုံငွေ ကျပ်သိန်း ၆၀၀ မရရှိပါက ဆန္ဒဖော် ထုတ်သွားရန် စီစဉ်ထားသည်ဟု အဆိုပါ ကော်မတီအဖွဲ့ဝင် ဦးဟိန်းဆက်က နိုဝင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။


ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ ရန်ပုံငွေ သိန်း ၆၀၀ ပေးမည်ဟု ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းက ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်က ကတိပြုထားသကဲ့သို့ ယင်းရန်ပုံငွေ ချပေးရန်လည်း တိုင်းဝန်ကြီးချုပ်က ခွင့်ပြုပြီးဖြစ်သည်။သို့သော်လည်း လက်ရှိအချိန်ထိ မရရှိသေးသောကြောင့် ယင်းသို့ စီစဉ်ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ရန်ပုံငွေ သိန်း ၆၀၀ ရရှိပါက လုပ်ဆောင်မည့် လုပ်ငန်းစီမံချက်ကို နိုဝင်ဘာလ ၇ ရက်က သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများကို တင်ပြထားပြီး ထူးခြားမှု တစ်စုံတစ်ရာမရှိလျှင် နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆန္ဒဖော်ထုတ်ရန် တင်ပြသွားမည်ဖြစ်သည်ဟုလည်း ဦးဟိန်းဆက်က ဆိုခြင်းဖြစ်သည်။

“စီမံချက်တင်ပါဆိုလို့ စီမံချက် တင်လိုက်ပါတယ်။ သိန်း ၆၀၀ နဲ့ပတ်သက်ပြီးပေးဖို့ စီမံချက်တင်လိုက်တယ်။ ခုချိန်ထိ ဘာမှ ပြန်မလာသေးပါဘူး”ဟု ပြောသည်။

ကော်မတီမှတင်ပြထားသော စီမံချက်တွင် စာပေသင်ကြားရေး၊ နှစ်သစ်ကူးပွဲတော်တွင် လောင်းကစားကင်းဝေးရေး၊ ရိုးရာလက်ချည်ပွဲများ ရိုးရာမပျက် ဆောင်ရွက်ရေး၊ ပညာသင်ကြားရေးအတွက် အဆောက်အအုံ တည်ဆောက်ရေး အစရှိသည်တို့ ဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဦးဟိန်းဆက်က “ကရင်တိုင်းရင်းသားထုရဲ့ အကျိုးအတွက် မဟုတ်သလို ကော်မတီဝင် လူကြီးတွေရဲ့ အကျိုးအတွက်လည်း မဟုတ်ဘူး။ ပျောက်ကွယ်တော့မယ် ကရင်စာပေ ပြန်လည် သင်ကြားခွင့် ရလာမယ်။ ကျိုက်ထိုမြို့နယ်မှာ ကရင်တိုင်းရင်းသား ကျေးရွာပေါင်း ၄၁ ရွာ ရှိတယ်။ တိုင်းရင်းသား အများစုမှာ စာမတတ်သူများတယ်။ အဲဒါကြောင့် ဒေသက တိုင်းရင်းသားတွေ ပြန်လည် မွေးထုတ်ပေးတဲ့ ရည်ရွယ် ချက်ပါ”ဟု ပြောသည်။

ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ရန်ပုံငွေရရှိရန်အတွက် မူလက လုပ်ဆောင်ရန် စီစဉ်ထားသည်မှာ ကျိုက်ထီးရိုး တောင်တက်ကား ငါးစီး ပြေးဆွဲရန်ဖြစ်ပြီး ယင်းသို့ ပြေးဆွဲရန်ကို ယခုနှစ်အတွက် ခွင့်ပြုချက် မရရှိခဲ့ပေ။ လာမည့်နှစ်တွင်မှ ကားသုံးစီး ပြေးဆွဲရန် ခွင့်ပြုချက်ရပြီး ယခုနှစ်အတွက်မူ ရန်ပုံငွေသိန်း ၆၀၀ ပေးမည်ဟု ကတိပြုထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ သိန်း ၆၀၀ ကို လေးရစ်ခွဲ၍ပေးမည်ဟု သတ်မှတ် ခဲ့ခြင်းဖြစ်သည်ဟု ကော်မတီမှ သိရသည်။

ယင်းသို့ ရန်ပုံငွေ တောင်းဆိုထားခြင်းနှင့် ပတ်သက်၍လည်း မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်ကျော်မြင့်က “ကရင်စာပေနှင့် ယဉ်ကျေးမှုကို ပေးမယ်ဆိုရင် တခြားအဖွဲ့တွေလည်း တောင်းလာမယ့်ပုံစံမှာ စိုးရိမ်မှုရှိလို့လားမသိဘူး။ ကြန့်ကြာမှုဖြစ်နေတယ်။ အရင်က မပေးဘူးဆိုလို့ဘယ် သူမှမတောင်းရဲဘူး။ အခုကျတော့ ဆန္ဒတွေနဲ့တင်ပြတောင်းဆိုပိုင်ခွင့်ရှိတော့ တင်ပြတောင်းဆိုကြတယ်။ အနစ်နာခံထားတဲ့ ဒေသခံတွေကလည်း သူတို့မှာလည်း လိုအပ်ချက်လေးရှိတယ်။ လုပ်ငန်းတောင်းတဲ့ သဘောပါပဲ”ဟု ပြောသည်။

ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီကို ၂၀၁၃ ခုနှစ်တွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက တရားဝင်အသင်းအဖြစ် ဖွဲ့စည်းခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟုလည်း ကော်မတီဥက္ကဋ္ဌ ဦးမန်းစောဗန်ဒိုက မဇ္ဈိမကို အောက်တိုဘာလအတွင်းက ပြောထားသေးသည်။

Mizzima - News in Burmese

No comments:

Post a Comment