Friday, November 15, 2013

မယ်တော်အား အဆင့်မြှင့် နိုင်ရန် အစိုးရ ကျန်းမာရေး ၀န်ထမ်းများ လာရောက် လေ့လာ




15.11.2013

မယ်တော် ဆေးခန်း၏ အနာဂတ် အတွက် နိုင်ငံတကာ အဆင့် မြှင့်တင်ရန် ၄င်းတို့၏ သင်ရိုး ညွှန်းတမ်းအား လာရောက် လေ့လာခြင်း ဖြစ်သည်ဟု မယ်တော် ဆေးခန်း၏ ပြည်တွင်း အခြေစိုက် ကျန်းမာရေး တာဝန်ခံ စောတာဝင်းမှ ဆိုပါသည်။

“ ကျန်းမာရေး လုပ်ငန်း ဆိုတာက မရှိ မဖြစ်တဲ့ တကယ့် လူမှု ကိစ္စပါ။ အခု အစိုးရ ဖက်က လာတာက ရှိနေတဲ့ အခြေအနေ တွေကို လေ့လာတယ်။ ဘယ်လို အသိအမှတ် ပြုလို့ ရမလဲ။ အသိ အမှတ် ပြုတယ် ဆိုတဲ့ နေရာ မှာလည်း အဆင့် အတန်းက လိုသေး တယ်လေ။ အဲဒါကြောင့် အာဆီယံ အဆင့်နဲ့ အသိအမှတ် ပြုလို့ ရအောင် လာရောက် ညှိနှိုင်း ကြတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

ယခု ခရီးစဉ်တွင် အစိုးရ သူနာပြု ဒါရိုက်တာ အဖွဲ့၊ မကွေး ဆေးသိပ္ပံမှ ကျောင်းအုပ် ဆရာကြီး အဖွဲ့၊ နိုင်ငံခြား ဆက်ဆံရေး ဌာန အဖွဲ့၊ ကရင်ပြည်နယ် ကျန်းမာရေးမှူးနှင့် မြ၀တီ ကျန်းမာရေးမှူး အဖွဲ့ တို့က နိုဝင်ဘာ (၁၃) ရက်နေ့ နံနက် (၈) နာရီတွင် ထိုင်းနိုင်ငံ မဲဆောက် မြို့ရှိ မယ်တော် ဆေးခန်းသို့ လာရောက် လေ့လာ ခဲ့ပါသည်။

သင်ရိုးညွှန်းတမ်း အဆင့်မှီရေး၊ အပြန်အလှန် အသိအမှတ် ပြုမှုနှင့် အနာဂတ် ပူးပေါင်း ဆောင်ရွက်မှု များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြ ပါသည်။

ယခု ဆွေးနွေး ပွဲသို့ ကရင် အမျိုးသား အစည်း အရုံး (KNU) ၏ ဗဟို ကျန်းမာရေး ဌာနမှ ကိုယ်စားလှယ် များနှင့် မယ်တော် ဆေးခန်း တာဝန်ခံ များက လက်ခံ ဆွေးနွေး ခဲ့ကြ ပါသည်။ မယ်တော်သည် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းတို့ ကိုယ်တိုင် လာရောက် လေ့လာ ခဲ့ဘူး သော်လည်း အစိုးရ ကျန်းမာရေး ၀န်ထမ်း များနှင့် အမြင် ဖလှယ် နိုင်မှုသည် ယခု ပထမဆုံး အကြိမ် ဖြစ်ပါသည်။

အစိုးရသည် မယ်တော် ဆေးခန်း၏ အနာဂတ် အရေးကို ရည်ရွယ်ပြီး နိုင်ငံတကာ အဆင့် အတန်း (အထူး သဖြင့် အာဆီယံ အဆင့် အတန်း) နှင့် အညီ ဖြစ်လာရေး နှင့် မယ်တော် ၀န်ထမ်း များအား တရားဝင် အသိ အမှတ် ပြုနိုင်ရန် လာရောက် လေ့လာသည့် အစီအစဉ် ဖြစ်ကြောင်း မယ်တော် ဆေးခန်း၏ ပြည်တွင်း အခြေစိုက် ကျန်းမာရေး တာဝန်ခံ စောတာဝင်းမှ ဆိုပါသည်။

မယ်တော် ဆေးခန်းသည် အခမဲ့ ဆေးကုသ ပေးခြင်းနှင့် အတူ အခါအား လျှော်စွာ နိုင်ငံခြား ဆေးပညာရှင် ပါရဂူများ အခမဲ့ လာရောက် စမ်းသပ် ကုသပေး နေသည့် အတွက် နာမည် ကျော်ကြား ခဲ့သော ဆေးခန်း ဖြစ်ပါသည်။ ဆေးခန်းသည် ယခင်က မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ စတင် ခဲ့ပြီး နောက်ပိုင်းတွင် ဒေါက်တာ စင်သီယာမောင် ဦးဆောင်ကာ ပြည်သူ့ ဆေးပေးခန်း ဖြစ်လာ ခဲ့ပါသည်။

မယ်တော် ဆေးခန်းသည် ကျန်းမာရေး စရိတ် မတတ် နိုင်သော နယ်စပ်နေ ပြည်သူများ အပါအ၀င် ပြည်တွင်းရှိ မကွေးတိုင်းမှ ပြည်သူ များအထိ လာရောက် ကုသ ကြသည့် ကျော်ကြား ခဲ့သော ဆေးခန်း ဖြစ်ပါသည်။ ထို့အပြင် တနိုင်ငံ လုံးရှိ တိုင်းရင်းသား နယ်စပ်နေ ပြည်သူ များအတွက် နယ်လှည့် ကျောပိုးအိတ် ဆေးကုသမှု အစီစဉ် အပါဝင် ဆေးသင်တန်း များနှင့် ကျန်းမာရေး ပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

(၁၉၈၈) အရေး အခင်းမှ သန္ဓေတည် လာခဲ့သော မယ်တော် ဆေးခန်းသည် ပျှမ်းမျှ လူနာ လစဉ် တသောင်းမှ တသောင်း ငါးထောင်ကြား ကုသပေး နေရ သည်ဟု ဆိုပါသည်။ အကူ အညီ များမှာ NGO အဖွဲ့ များနှင့် နိုင်ငံတကာ အစိုးရ ထံမှ ရရှိခဲ့ သည်ဟု ဆိုပါသည်။

အစိုးရ ကျန်းမာရေး ဌာန၏ ယခု ခရီးစဉ် သည်လည်း မယ်တော် ဆေးခန်း၏ တရားမ၀င် မှုအား မြန်မာ အစိုးရမှ တရားဝင် အသိအမှတ် ပြုလာသည့် အပြင် အဆင့်မြှင့် ပေးနိုင်ရန် အတွက် လာရောက် လက်တွဲခြင်း ဖြစ်ဖွယ် ရှိသည်ဟု မယ်တော် ဆေးခန်း တာဝန်ခံ များက ယုံကြည် ကြပါသည်။

ရွှေဟင်္သာ

No comments:

Post a Comment