Friday, November 29, 2013

ပြည်ပအော်ပရေတာ တယ်လီနောနှင့်အူရီးဒူးတို့ အလုပ်အကိုင်ခေါ်ယူသည့်ပွဲများ ပြုလုပ်မည်


29.11.2013 

ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ရရှိသော ပြည်ပအော်ပရေတာနှစ်ခုဖြစ်သည့် တယ် လီနောနှင့် အူရီးဒူးတို့က မြန်မာနိုင်ငံတွင် ၀န်ထမ်းများခန့်ထားရန်အတွက် အလုပ်အကိုင်ခေါ်ယူမည့် ပွဲများ ပြုလုပ်သွားရန် စီစဉ်နေသည်ဟု အဆိုပါကုမ္ပဏီများ၏ ထုတ်ပြန်ချက်များအရသိရသည်။

ယင်းပွဲတွင် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း၊ လိုအပ်ချက်များကို ဆွေးနွေးပြောကြားသွားရန် စီစဉ်ထားသည်ဟုလည်း အဆိုပါထုတ်ပြန်ချက်များတွင် ဖော်ပြပါရှိသည်။

အူရီးဒူး၏ အလုပ်အကိုင်ပြပွဲကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁ ရက် အထိ ရန်ကုန်မြို့ ဆရာစံလမ်း ထောင့် နှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ ဆရာစံပလာဇာ CBC ခန်းမတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ နှစ်ရက်တိုင်တိုင်ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် အလုပ်လျှောက်ထားလိုသူများ၊ စိတ်ဝင် စားသူများအနေဖြင့်လည်း ယင်းပွဲသို့ တက်ရောက်ကာ CV ဖောင်များ လာရောက်တင်သွင်းကာ အလုပ် လျှောက်ထားနိုင်မည်ဖြစ်သည်။

အူရီးဒူးမြန်မာ၏ အလုပ်အမှုဆောင် အရာရှိချုပ် Mr.Ross Comack က “၂၀၁၄ အကုန်မှာ ၀န်ထမ်းဦးရေ ၁၀၀၀ ကျော် လောက်ခန့်ဖို့ရှိပါတယ်။ ရေရှည်အနေနဲ့ ကြည့်မယ်ဆိုရင် ၀န်ထမ်းဦးရေ ၅၀၀၀ လောက် အထိခန့်ဖို့ မျှော်လင့်ထားတယ်။ ငါးနှစ်အတွင်း ကုမ္ပဏီရဲ့ ၀န်ထမ်း ၉၉ ရာခိုင်နှုန်းက မြန်မာနိုင်ငံသား ဖြစ်ပါမယ်။ ဖြန့်ချိရေး၊ အရောင်း၊ ၀ယ်ယူသူများအတွက် ၀န်ဆောင်မှုပေးတဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ မှာ အလုပ်အကိုင်ပေါင်း ထောင်ချီပြီးတော့ ပေါ်လာနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက် တွင် ထည့်သွင်းပြောကြားသည်။

အလားတူ အလုပ်ခေါ်ယူမှုပွဲမျိုးကို တယ်လီနောက ပြုလုပ်ရန်ရှိပြီး Telenor Myanmar Career Seminar ကို ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ဆရာစံပလာဇာ CBC ခန်းမတွင် ပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

တယ်လီနောအနေဖြင့် လက်ရှိတွင် ၀န်ထမ်းပေါင်း ၈၀ ကျော်ခန့်အပ်ထားပြီး ယခုနှစ်ကုန်တွင် ၀န်ထမ်း ပေါင်း ၁၆၀ ခန့်အပ်သွားရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment