7.11.2013
“နိုင်ငံတော်က ပေးလိုက်ဆို ကျွန်တော်တို့က အဲဒီလယ်တွေကို ပေးလိုက်တော့မယ်။ အခုက အစိုးရက တရားဝင် ခွင့်ပြုပြီး ချပေးထားတဲ့ လယ်ယာပိုင်ဆိုင်ခွင့် မှတ်ပုံတင်သာ ကိုင်ထားတယ် လယ်တွေက သူတို့(KNU) (ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့ )ဆီမှာ” ဟု ဦးမြင့်အောင်က ပြောကြားသည်။
၂၀၁၂ လယ်ယာမြေ ဥပဒေအတိုင်း နိုင်ငံတော်သို့ လျှောက်လွှာတင်ကာ လယ်ယာမြေမှတ်ပုံတင် ရရှိထားသူများနှင့် ဘိုးဘွားပိုင်မြေဟု ဆိုသူများ လယ်ယာမြေအငြင်းပွားနေမှုကို KNU အဖွဲ့၏ တပ်မဟာ ၂၊ တပ်ရင်း ၆ မှ တာဝန်ရှိသူများက ကိုင်တွယ်ဖြေရှင်းပေးမှုများ ပြုလုပ်နေမှုအပေါ် တပြေးကျေးရွာမှ လယ်သမားများက ကျေနပ်မှု မရှိကြောင်း ပြောကြားကြသည်။
KNU အဖွဲ့၏ တပ်မဟာ ၂၊ တပ်ရင်း ၆ နယ်မြေနှင့် စပ်ဆက်လျှက်ရှိသော ထန်းတပင်မြို့နယ်တွင်း ကျေးရွာအချို့တွင် ၎င်းတို့နှင့် နီးစပ်သူအချို့က ဘိုးဘွားပိုင်မြေဟုဆိုကာ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
“KNUက ကျွန်တော်တို့ကို ဆွေးနွေးဖို့ဆိုပြီး ရပ်ကျေးရုံးကနေပြီး စာနဲ့တဆင့် သူတို့ဆီခေါ်တွေ့တာ ငါးကြိမ်လောက်ရှိသွားပြီ”ဟု တပြေးကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
တပြေးကျေးရွာမှ ၇ မိုင်ခန့်ဝေးကွာသော ကျေးရွာသို့ ဆိုင်ကယ်လမ်းတစ်ဝက်၊ ခြေလျှင်လမ်းတစ်ဝက်ဖြင့် သွားရသော ခရီးကို နှင်ရသည့်အပြင် နောက်ဆုံးကျေးရွာငယ်လေးမှတဆင့် တောနက်ထဲသို့ ထပ်မံသွားရောက်ကာ KNU မှ တာဝန်ယူသူများနှင့် တွေ့ဆုံရသည်ဟု ဦးမြင့်အောင်၏ သမီးဖြစ်သူက ပြောသည်။
“ဥပဒေက ၂ မျိုးရှိတယ်။ KNU က ချမှတ်တဲ့ ဥပဒေလည်း ရှိတယ်။ အဲဒါကိုလည်း လိုက်နာဖို့လိုမယ်။ လယ်ယာမြေနဲ့ ပါတ်သတ်ပြီး KNU ခုံရုံးမှာလည်း စစ်ဆေးသွားဖို့ရှိတယ်လို့ပြောတယ်။ အဲလိုသာ ခေါ်စစ်မယ်ဆိုရင် ကျွန်မကို ကျွန်မ သတ်သေလိုက်တော့မယ်။ သူတို့ဆီတော့ မသွားတော့ဘူး” ဟု ၎င်းက ပြောသည်။
KNU မှ CEC တစ်ဦးဖြစ်သူ စောသာဒိုမူးက “အဲ့ဒီကိစ္စတွေကို သေသေချာချာ မသိပါဘူး။ လယ်မြေကိစ္စတွေနဲ့ပက်သတ်ပြီး လက်ရှိနယ်မြေ အာဏာပိုင်တွေနဲ့ ညှိနှိုင်မှုတွေလုပ်ဖို့ရှိပါတယ်။ အဲ့ဒီကိစ္စတွေကလည်း
ရှင်းရှင်းပြောရရင် စစ်မက်တွေဖြစ်တော့ ထွက်ပြေးကြရင်း အခြားသူတွေက ဝင်လုပ်ကြတယ်။ သူတိုမှာနေရာ မရှိတော့ဘူး။ အဲ့ဒီကိစ္စတွေအတွက်လည်း မျက်နှာချင်းဆိုင် ညှိနှိုင်းမှုတွေလုပ်ဖို့ရှိပါတယ် ”ဟု ပြောကြားသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ လယ်သမားများအနေဖြင့် ဌာနဆိုင်ရာများ လွှတ်တော်များနှင့် သမ္မတထံသို့ စာတင်ထားသောလည်း မည်သည့်လုပ်ဆောင်မှုများမှ လုပ်ဆောင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။
The Myanma Age
No comments:
Post a Comment