Tuesday, November 12, 2013

OIC ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ကို ရန်ကုန်တွင် ယနေ့ ကန့်ကွက် ဆန္ဒပြ





12.11.2013



မြန်မာနိုင်ငံသို့ ရက်ပိုင်းအတွင်း လာရောက်မည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(OIC) ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်ကို ကန့်ကွက်သည့်အနေနှင့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ ဆူးလေစေတီ အနီးနှင့် အင်းစိန်တွင် ဆန္ဒပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဆန္ဒပြရန် စီစဉ်နေသူများထံမှ သိရှိရသည်။

OIC ကိုကန့်ကွက်သည့် အနေနှင့် နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံ စေတီတော်မှ ဆူးလေစေတီအထိ လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ပြီး လူပုဂ္ဂိုလ်နှင့် သံဃာတော် ၁၀၀၀ ဦးဝန်းကျင် ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြမှုတွင် ပါဝင်သည့် မကွေးဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
“OIC ရုံးဖွင့်ဖို့ မြန်မာနိုင်ငံ လက်မခံတာကို ကမ္ဘာက သိအောင် ပြချင်လို့ပါ။ OIC လာလည်းပြမယ်၊ မလာလည်းပြမယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

အလားတူ အင်းစိန်မြို့နယ်တွင် မွန်းတည့် ၁၂ နာရီမှစ၍ AGTI ကျောင်းမှ ရန်ကုန် နည်းပညာတက္ကသိုလ် (YTU) အထိ လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ပြီး YTU အရှေ့တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်၍ ဟောပြောမည် ဖြစ်ကြောင်း ယင်းဆန္ဒပြမှုကို ဦးဆောင် စီစဉ်သည့် ဦးနောင်တော်လေးက ပြောကြားသည်။
“OIC က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လာထိပါးလို့ မရဘူး။ သူတို့က မြန်မာနိုင်ငံကို လာပြီးကြီးစိုးဖို့ ကြိုးစားတာ” ဟု ၎င်းကဆိုသည်။

OIC ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို မြန်မာနိုင်ငံ၏ ပဋိပက္ခ ဖြေရှင်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၏ အခြေအနေမှန်ကို သိရှိနိုင်ရန် ဆောင်ရွက်ပေးခြင်းသာ ဖြစ်ပြီး မြန်မာနိုင်ငံ တွင် OIC ရုံးခန်း ဖွင့်လှစ်ရေး အပါအဝင် မြန်မာနိုင်ငံအပေါ် တောင်းဆို ထားသည့် အချက်များနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ နိုင်ငံတကာတွင် အချို့အဖွဲ့အစည်းများက ဖြန့်ချိနေသည့် သတင်းမှားများ၊ ပုံကြီးချဲ့ သတင်းများကို ချေပနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“အဖွဲ့အစည်း အချို့က ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မမှန်သတင်းများ ထုတ်လွှင့်ကာ ဆန္ဒပြဖို့ လှုံ့ဆော်မှုများ ပြုလုပ်နေတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးစေမယ့် ကိစ္စမျိုးကို လုံးဝဆောင်ရွက်မှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

OIC အတွင်းရေးမှူးချုပ် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ယခုအပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်နေသည့် အဖွဲ့များ၊ လူ့အဖွဲ့အစည်း နှစ်ခုလုံးမှ ပုဂ္ဂိုလ်များ၊ ဥပဒေပြု လွှတ်တော်မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ ထို့ပြင် OIC ကိုယ်စားလှယ် အဖွဲ့သည် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသများသို့ သွားရောက်မည် ဖြစ်ကြောင်း ဦးရဲထွဋ်က ထပ်မံပြောဆိုထားသည်။

OIC ၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဆိုပါ အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်သည့် ဆက်ဆံရေးအဖွဲ့ နိုဝင်ဘာလလယ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် လာရောက်မည် ဖြစ်ကြောင်း OIC က ထုတ်ပြန်ထားသည်။

Organisation of Islamic Cooperation (OIC) သည် ရန်ကုန်မြို့တော်နှင့် ရခိုင်ပြည်နယ်တို့တွင် ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် သမ္မတကလည်း OIC မြန်မာနိုင်ငံတွင် ရုံးစိုက်ခွင့်ပြုမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

OIC ကို အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံဖြင့် ၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment