စစ်တွေမြို့တွင် AZG (MSF) အဖွဲ့အား ထွက်သွားရန် ကန့်ကွက်ဆန္ဒပြ

12.12.2013
စစ်တွေမြို့တွင် AZG (MSF) အဖွဲ့အား ထွက်သွားရန် ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှု တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကန့်ကွက်ခြင်းအား စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးဝင်းတွင်
ဒေသခံ ၂၀ ခန့်တို့က ပိုစတာများ ကိုင်ဆောင်ပြီး ၁၀ မိနစ်ခန့်
ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်၍ ထိုသို့ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သူ
ဒေါ်ညိုအေးက "ပြည်နယ်အစိုးရ အဖွဲ့နဲ့ ဒေသခံတွေကို လုံးဝစော်ကားနေတယ်လို့
မြင်ပါတယ်။ အခု ဘာခွင့်ပြုချက်မှ မပါတဲ့ လူနာတစ်ယောက်ကို စစ်တွေဆေးရုံကို
ယူလာတယ်။ ဘူးသီးတောင် မောင်တောမှာလည်း ကုသခဲ့ပြီး ဖြစ်တယ်။ ဟိုမှာလည်း
ကုသပေးလို့ ရပေမယ့် သက်သက်ပြဿနာဖြစ်အောင် ဖန်တီးနေတယ်လို့ မြင်ပါတယ်။
ဒါကြောင့် ကျွန်မတို့ ကန့်ကွက်ဆန္ဒ ထုတ်ဖော်တာ ဖြစ်ပါတယ်" ဟု ဆိုသည်။
လက်ရှိ အနေအထားသည် လူမျိုးနှစ်ခုကြားတွင် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု
ပျက်ပြားနေသော ကာလဖြစ်သဖြင့် ပြည်နယ်အစိုးရ အနေဖြင့်လည်း ယုံကြည်မှု
တည်ဆောက်နေသော ကာလသာဖြစ်ကြောင်း သိရသည်။ ယင်းအချိန်တွင် နိုင်ငံတကာ
အဖွဲ့အစည်းများ အနေဖြင့်သော် လည်းကောင်း၊ ယူအင်န်လက်အောက်ခံ
အဖွဲ့အစည်းများမှသော်လည်း နှစ်ဖက်လူမျိုးများအား ကူညီရာတွင် ဘက်လိုက်မှုများ
ရှိနေကြောင်းကို ဒေသခံ ရခိုင်တိုင်းရင်းသားများက ရှုမြင်သုံးသပ်
မိသည့်အတွက် ထိုသို့ကန့်ကွက် ဆန္ဒထုတ်ဖော်မှုများကို
ပြုလုပ်ခြင်းသာဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သော ဒေါ်မမကြီးကလည်း "ကျွန်မတို့အနေနဲ့
လူသားချင်း စာနာပါတယ်။ ဒါပေမဲ့ AZG (MSF) အဖွဲ့ရဲ့ လုပ်ရပ်ဟာ ရခိုင်ပြည်သူ
ပြည်သားတွေကို ဘာမှဂရုစိုက်စရာ မလိုဘူး ဆိုသလိုမျိုး လုပ်လာတယ်။ နှစ်ပေါင်း
၂၀ ကျော် သားဆက်ခြား စီမံကိန်းကို ရခိုင်မှာ လုပ်ခဲ့တဲ့အတွက်လည်း
ရခိုင်လူဦးရေ တော်တော်နည်းပါးခဲ့ရပြီ။ အခုလည်း ဘင်္ဂါလီတွေကို တစ်ဖက်သတ်
ကူညီပေးနေတာကို မျက်ဝါးထင်ထင် တွေ့မြင်နေရတယ်။ ဒါကြောင့် ကန့်ကွက်တာပါ။
သူတို့ ရခိုင်ပြည်နယ်က ထွက်မသွားရင် မလိုလားအပ်တဲ့ ပြဿနာ ဖြစ်လာနိုင်တယ်။
ဒါကို သက်ဆိုင်သူတွေကလည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်" ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် နိုင်ငံတကာ အဖွဲ့အစည်းများ
အားလပ်ခြင်း မရှိသည်ကိုလည်း တွေ့နေရကြောင်းနှင့် AZG (MSF) အဖွဲ့အပေါ်
မလိုလားအပ်သော စိတ်သဘောထားများကိုလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ အနေဖြင့်
ဖြေရှင်းပေးစေလိုကြောင်းလည်း သိရသည်။ ယင်းအပြင် ယခုကဲ့သို့
ဆန္ဒထုတ်ဖော်ခြင်းသည် ပမာဏ အဆင့်သာဖြစ်ကြောင်း ဒေါ်ညိုအေးက ပြောကြားသည်။
စစ်တွေမြို့တွင် နိုင်ငံတကာ အဖွဲ့အစည်း များစွာရှိသည့်အနက် အဆိုပါ AZG
အဖွဲ့အစည်းအပေါ် ဒေသခံများက မလိုလားဆုံးဖြစ်ပြီး ခွဲခြားဆက်ဆံခြင်းအတွက်
ယင်းသို့မကျေနပ်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
Eleven Media Group
No comments:
Post a Comment