8.12.2013
ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ Women Forum 2013 ပွဲမှာ ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး Ms. Aurelie Filippetti က သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး အဲဒီမှာ စကားပြန်ကတဆင့် အခုလိုပြောပါတယ်။
“၂ဝ၁၅ ခုနှစ်မှာလုပ်မယ့် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်အနေနဲ့ ဘာဖြစ်လို့ မကူညီနိုင်ဘဲ နေရမှာပါလဲ၊ အထူးသဖြင့် မြန်မာနိုင်ငံသားတွေ တန်းတူညီတူရှိမှုအတွက် ပြင်သစ်ပြည်က အင်မတန်အရေးထားပါတယ်၊ ပြင်သစ်ပြည်သာမကဘူး တခြားတိုင်းပြည်တွေဟာဖြင့် လွတ်လပ်ပြီးညီမျှတဲ့ တိုင်းပြည်အနေနဲ့လည်း ဒီလိုမျိုး တန်းတူညီတူရှိမှုကို ဦးစားပေးမယ်လို့ ကျမယူဆပါတယ်”
မြန်မာနိုင်ငံက နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေမှာ ဦးဆောင်မှု အခန်းကဏ္ဍမှာ နေရာယူထားနိုင်တဲ့ အမျိုးသမီးခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက အမျိုးသမီးခေါင်းဆောင်တွေ တွေ့ဆုံပြီး မြန်မာနိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေးအပြောင်းအလဲတွေမှာ မြန်မာအမျိုးသမီးတွေ ပိုပြီး ပါဝင်လာနိုင်အောင် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ပြင်သစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသားအားလုံး တန်းတူညီမျှခွင့် ရရေးအတွက်လည်း အကူအညီပေးသွားမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားတဲ့ ရွှေ့လျားစာကြည့်တိုက်ကို မြန်မာပြည်အနှံ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်ဆိုရင်လည်း ပြင်သစ်ယဉ်ကျေးမှုဌာနက ကူညီပေးသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
RFA

No comments:
Post a Comment