Monday, December 30, 2013

လပွတ္တာမြို့နယ် မီးလောင်မှုအိမ်ခြေ ၂၀၀ ကျော် ဆုံးရှုံး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကန်ဘဲ့ကျေးရွာမှာ ဒီနေ့ မနက်အစောပိုင်းက မီးလောင်ခဲ့ရာမှာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ တစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနက အာအက်ဖ်အေကို ပြောပါတယ်။

အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ မီးဘေးဒုက္ခသည် တစ်ထောင်ကျော်ဟာ ကန်ဘဲ့ကျေးရွာ မဟာဘုံစံကျောင်းတိုက် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြတယ်လို့ မြို့နယ် မီးသတ်ဦးစီးဌာနကတာဝန်ခံ ဦးကျော်မျိုးမြင့်က ပြောပါတယ်။

" အကြမ်းအားဖြင့်တော့ ပေါ့ဆမီးကြောင့်ဖြစ်တယ်လို့ ယူဆပါတယ်၊ နေအိမ်ကတော့ ၂၁၃ လုံးပေါ့၊ ဒုက္ခသည်တွေကို မဟာဘုံထိုင်ကျောင်းတိုက်မှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိတယ်ပေါ့၊ လူဦးရေက အားလုံးပေါင်း ၁၁၈၂ ပါဗျ၊ လောလောဆယ်ထိ ကျွန်တော်တို့ ကောက်ယူရရှိမှု အခြေအနေပေါ့"

မီးလောင်ခဲ့တဲ့ ကန်ဘဲ့ရွာထဲကို မီးသတ်ကားဝင်လို့မရတာကြောင့် မီးညွန့်ကျိုးအောင် ကြိုးစားရာမှာ အခက်အခဲရှိခဲ့ကြောင်း ကျေးရွာသားတွေရဲ့ ဝိုင်းဝန်းကူညီပေးမှုကြောင့် မနက် ၆ နာရီကျော်လောက်မှ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

မီးလောင်ပျက်စီးမှုကြောင့် ဆုံးရှုံးရတဲ့ တန်ဘိုး ကျပ်သိန်း ၅၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မနေ့ည ၁၀နာရီကျော်လောက်ကလည်း ဖျာပုံမြို့နယ် ၁၂ ရပ်ကွက်မှာ မီးလောင်ခဲ့ပြီး မီးငြိမ်းသတ်နေစဉ်မှာ မီးသတ်ဦးစီးဌာနက ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖျာပုံမြို့နယ် မီးလောင်ကျွမ်းမှုမှာ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment