ကျိုက်ထီးရိုး စေတီတော် ဘုရားဝင်းအတွင်း လုံခြုံရေးအရ မိုဘိုင်းဖုန်းနှင့် ကင်မရာ ယူဆောင်ခွင့် မပြု

12.12.2013
ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ပရိဝုဏ် စေတီတော် ဘုရားဝင်းအတွင်း
လုံခြုံရေးအရ မိုဘိုင်းဖုန်းများနှင့် ကင်မရာများ ယူဆောင်ခွင့်
တားမြစ်ထားကြောင်း မွန်ပြည်နယ်၊ သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ
တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သန်းက ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင်
The Daily Eleven သို့ ပြောကြားသည်။
ယခုနှစ် ဘုရားဖူး ကာလတွင် ကျိုက်ထီးရိုး စေတီတော်၌ ဘုရားဖူး ခရီးသွား
ဧည့်သည်များဖြင့် အလွန်စည်ကားနေပြီး လုံခြုံရေးအရ တင်းကျပ်စွာ
ဆောင်ရွက်နေကြောင်း တွေ့ရှိရသည်။
ထို့ပြင် ဘုရားဖူးသူ
များပြားသည့် ကာလဖြစ်သဖြင့် ခါးပိုက်နှိုက် အန္တရာယ်နှင့် ကြုံတွေ့မှု
မရှိစေရန် ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်၌ သတိပေးမှုများ အဆက်မပြတ်
ဆောင်ရွက်နေကြောင်း သိရသည်။
"အခုနှစ် ကျိုက်ထီးရိုး ဘုရားပွဲတော်
ကာလမှာတော့ လုံခြုံရေး အထူးတင်းကျပ် ထားပြီးတော့ စစ်ဆေးမှု ပြုလုပ်နေတယ်။
ကျိုက်ထီးရိုးစေတီတော် ဘုရားဝင်း အတွင်းကိုလည်း လုံခြုံရေးအရ
မိုဘိုင်းဖုန်းတွေနဲ့ ကင်မရာတွေကို ယူဆောင်ခွင့် တားမြစ်ထားပါတယ်။
ဘုရားဖူးလာတဲ့ ပြည်သူတွေ အနေနဲ့ ကိုယ့်ရဲ့တန်ဖိုးကြီး ပစ္စည်းတွေကို သတိထား
ထိန်းသိမ်းဖို့ လိုအပ်တယ်။ အခုအချိန်ထိတော့ ခါးပိုက်နှိုက်ခံရတဲ့ ဖြစ်စဉ်တွေ
တစ်ခုမှ မဖြစ်သေးဘူး။ ဒါကိုလည်း ရဲတပ်ဖွဲ့ အနေနဲ့ စောင့်ကြည့်စစ်ဆေး
နေပါတယ်" ဟု မွန်ပြည်နယ်၊ သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ
တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး အောင်သန်းက ပြောကြားသည်။
ယခုနှစ် ဘုရားဖူး ကာလတွင် ကျိုက်ထီးရိုး စေတီတော်သို့
နေ့စဉ်ဘုရားဖူးဧည့်သည် အရေအတွက် သိန်းဂဏန်းအထိ လာရောက်ဖူးမြော်နေကြောင်း
လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ သတင်းရရှိသည်။
မိုဘိုင်းဖုန်းနှင့် ကင်မရာများ ယူဆောင်ခွင့် တားမြစ်ထားသည့် ဘုရားဝင်းကို
ဒီဇင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Eleven Media Group
No comments:
Post a Comment