address
Wednesday, December 4, 2013
ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်တွေအကြား ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုး
4.12.2013
ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ငြိမ်းချမ်းရေး ရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူနဲ့ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သံတမန်ကွန်ရက်က အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်း ဦးရွှေကြည်တို့ဟာ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် မဟာစည်ရိပ်သာမှာ ဒီနေ့တွေ့ဆုံပြီး ကတိပြုလက်မှတ်ထိုးခဲ့ကြပါတယ်။
ဘာသာတစ်ခုချင်းစီက တာဝန်ယူလုပ်ဆောင်မယ့်ကိစ္စတွေကို ကတိပြုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူက အခုလိုမိန့်ပါတယ်။
“မြန်မာပြည်မှာ နေထိုင်ပြီး၊ မြန်မာပြည်ကိုချစ်သော မွတ်စလင်ကို မိတ်ဆွေကောင်းအဖြစ် ကာကွယ်ပေးမယ်၊ တိုင်းတစ်ပါးကိုချစ်သော မွတ်စလင် မဖြစ်ဖြစ်လာအောင် စည်းရုံးမယ်၊ မြန်မာပြည်ကို အစ္စလာမ်မစ်နိုင်ငံထူထောင်ဖို့ ကြံစည်နေသော မွတ်စလင်တွေ အန္တရာယ်ကိုတော့ ဥပဒေဘောင်ထဲကနေ ဆောင်ရွက်သွားမယ်၊ ဒိုင်းမွန်းရွှေကြည်တို့ဘက်ကတော့ မြန်မာပြည်သူလူထုတွေနဲ့ သဟဇာတဖြစ်အောင် နေနိုင်ရေးအတွက် အစ္စလာမ်သာသနာအတွက် တာဝန်ယူဆောင်ရွက်သင့်တဲ့အကြောင်း၊ ပြည်တွင်းစီမံချက်လို့ နာမည်ပေးထားတဲ့ နည်းဗျူဟာတွေကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်းကို လက်မှတ်ထိုးတယ်”
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က နှစ်ဖက်ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး အခုတွေ့ဆုံမှုဟာ ငါးကြိမ်မြောက်ဖြစ်ပါတယ်။ ယခင်တွေ့ဆုံစဉ်တုန်းကတော့ ယုံကြည်မှုတည်ဆောက်တာတွေ၊ ပဋိပက္ခဖြစ်ပွားရတဲ့ အဓိကဇာစ်မြစ်ကိုရှာဖွေပြီး နှစ်ဘက်ညှိနှိုင်းဆောင် ရွက်ဖို့တွေကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
RFA Burmese
Labels:
ဘာသာရေးသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment