ရန်ကုန်တက္ကသိုလ်၌ မဟာတန်းနှင့် ပါရဂူကြိုတန်းများ အဆောင်နေခွင့်ပေးရန် ရည်ရွယ်ထား

15.12.2013
ရန်ကုန်တက္ကသိုလ်တွင် မဟာတန်းနှင့် ပါရဂူကြိုတန်းများအထိပါ အဆောင်များ
ထားရှိပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာတင်ထွန်းထံမှသိရသည်။
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အဆောင်များထားရှိရာ၌ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ
စတင်ကာ အဆောင်နေကျောင်းသား ကျောင်းသူဦးရေ ၁၆၀၀ ၀န်းကျင်အား
ကနဦးစတင်ထားရှိပေးသွားမည် ဖြစ်ပြီး အဆောင်နေ ကျောင်းသား ကျောင်းသူများအား
လက်ခံရာတွင် ကျောင်းသူဦးရေ ၁၀၀၀ နှင့် ကျောင်းသားဦးရေ ၆၀၀ ဦး
ထားရှိမည်ဖြစ်သည်။ အဆောင်နေ ကျောင်းသား ကျောင်းသူများအား ပထမနှစ်၊
ဒုတိယနှစ်မှ စတင်ကာ ဘွဲ့ကြိုတန်းများအထိ တန်းစဉ်အလိုက်
လက်ခံထားသွားမည်ဖြစ်ပြီး မဟာတန်းနှင့် ပါရဂူကြိုတန်းများ အထိ
အဆောင်ထားရှိရန် ရည်ရွယ်ထားကြောင်း သိရသည်။
" ရန်ကုန်မှာက
ရန်ကုန်တက္ကသိုလ် တစ်ခုတည်းမဟုတ်ဘဲ၊ နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) နဲ့
အမျိုးသားစီမံခန့်ခွဲမှုကောလိပ် (NMC) ပေါ့။ နောက်တခြားတက္ကသိုလ်တွေလည်း
သူတို့အစီအစဉ်နဲ့ သူတို့ရှိပါတယ်။ ပထမနှစ်၊ ဒုတိယနှစ် တန်းစဉ်အလိုက်
လက်ခံထားတယ်၊ အထူးသဖြင့် ဘွဲ့ကြိုတန်းတွေပေးမယ်၊ မဟာတန်းပါရဂူကြိုတန်းအထိ
ပေးမယ်လို့ လောလောဆယ် ရည်ရွယ်ထားတယ် " ဟု ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ်
ဒေါက်တာတင်ထွန်းက ဆိုသည်။
တက္ကသိုလ်များတွင် ကျောင်းသား
ကျောင်းသူများအတွက် အဆောင်များထားရှိနိုင်ရန် မူလရှိပြီးသား အဆောင်များအား
ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ အဆောင်များထားရှိရာတွင်
ကျောင်းသူများအတွက် အင်းလျားဆောင်၊ ရွှေဘိုဆောင်၊ ဒဂုံဆောင်နှင့်
အင်ကြင်းဆောင်တို့ကို စီစဉ်ထားပြီး ကျောင်းသားများအတွက် ပဲခူးဆောင်၊
သထုံဆောင်၊ အင်းဝဆောင်နှင့် ပင်းယဆောင်တို့အား ထားရှိသွားမည်ဖြစ်သည်။ ယခင်က
ယောက်ျားလေးဆောင် အဖြစ်ထားရှိခဲ့သည့် ရွှေဘိုဆောင်အား မိန်းကလေးဆောင်
အဖြစ်ထားရှိရန်စီစဉ်မှုနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာတင်ထွန်းက " အဆောင်နေ အရေအတွက်က မိန်းကလေး ၁၀၀၀၊ ယောက်ျားလေး ၆၀၀
ဆိုတော့ မိန်းကလေး အရေအတွက်က ယောက်ျားလေးထက် ပိုများနေတယ်။ ဒါကြောင့်
မိန်းကလေး အဆောင်လုပ်ဖို့အတွက် သင့်လျော်မယ့် အဆောင်ရှာရတယ်။ အဲဒါကြောင့်
သင့်လျော်မယ့် အဆောင်ကို ဆရာတို့က သတ်မှတ်ပေးလိုက်တာပါ။ ဒါကလည်း
ရာသက်ပန်အတွက် ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ ကျောင်းဆောင်တွေ ထပ်ဆောက်ဖို့လည်း
ရည်ရွယ်ထားတာတွေ ရှိပါတယ် " ဟု ဆိုသည်။ လတ်တလောတွင် ယာယီအဖြစ် အဆောင်ခ
တစ်လကျပ် ၅၀၀၀ ၀န်းကျင်နှင့် စားစရိတ် တစ်နေ့လျှင် ကျပ် ၁၀၀၀ ၀န်းကျင်
ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment