6.12.2013
ဒီဇင်ဘာ လလယ်မှာ ဖားအံမြို့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပဖို့ အစီအစဉ် ရှိပေမယ့် တိုင်းရင်းသား အဖွဲ့တွေကြားမှာ နောက်ထပ် ညှိနှိုင်းမှုတွေ လုပ်ဦးမှာ ဖြစ်တဲ့အတွက် ဖားအံဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်း ရတော့မှာ ဖြစ်ပါတယ်။
နိုဝင်ဘာလဆန်းတုန်းက ထွက်ပေါ်လာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်ဇာ သဘောတူညီချက် နောက်ပိုင်းမှာ အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ် စုပေါင်း တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပြီး အပစ်ရပ်ရေးနဲ့ ပတ်သက်လို့ နှစ်ဘက်အဆိုပြုချက်တွေကို အပြန်အလှန် တင်ပြခဲ့ကြပါတယ်။
အစိုးရရဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး အရင် တစ်ဖွဲ့ချင်း အပစ်ရပ် သဘောတူညီချက်တွေ လုပ်ခဲ့တုန်းက မပါခဲ့တဲ့ အချက်တွေကို ထည့်သွင်း လာတဲ့အတွက် တိုင်းရင်းသားတွေဘက်က သဘောမတူနိုင်ဘူးလို့ လိုင်ဇာ ညီလာခံ အပြီးမှာ တိုင်းရင်းသားတွေဘက်က ကိုယ်စားပြု ညှိနှိုင်းဖို့ ဖွဲ့စည်း လိုက်တဲ့ NCCT အဖွဲ့ရဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။
အဲဒီအထဲမှာ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေး၊ တပ်အင်အား မတိုးချဲ့ရေး၊ အပစ်ရပ်နယ်မြေမှာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ ချထားရေး၊ အခွန်မကောက်ရေး စတာတွေ ပါဝင်တယ်လို့ သူက ဆိုပါတယ်။
တိုင်းရင်းသားတွေဘက်ကလည်း သူတို့ရဲ့ တောင်းဆိုချက်တွေ အပါအဝင် အဆိုပြုချက်တွေနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် မူကြမ်းတစ်ရပ်ကို နိုဝင်ဘာလလယ်တုန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှာ ပြန်လည်တင်ပြနေကြပါတယ်။
ဆွေးနွေးနေဆဲ ဖြစ်တဲ့အတွက် အဲဒီ တောင်းဆိုချက်တွေထဲမှာ ဘာတွေပါတယ် ဆိုတာ မပြောပြနိုင်သေးကြောင်း နိုင်ဟံသာက ပြောပါတယ်။
အဲဒီ ဘုံရပ်တည်ချက်ကို သဘောတူနိုင်ဖို့အတွက် ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ (KNU) ထိန်းချုပ်တဲ့ နယ်မြေမှာ နောက်ထပ် ညီလာခံတစ်ရပ် ကျင်းပဖို့လည်း တိုင်းရင်းသားတွေက ပြင်ဆင်နေပါတယ်။
အဲဒီညီလာခံ ကျင်းပမယ့် ရက်ကိုလည်း မသတ်မှတ်ရသေးဘဲ ဒီဇင်ဘာ လလယ်မှာတော့ ဖြစ်နိုင်လိမ့်မယ်လို့ နိုင်ဟံသာက ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာ ခရစ်စမတ် ပွဲတော်ကာလ ကျရောက်လာမှာ ဖြစ်တဲ့အတွက် အစိုးရနဲ့ တွေ့ဆုံမယ့် အချိန်ဟာ ဇန်နဝါရီလအထိ ရွှေ့ဆိုင်းသွားစရာ အကြောင်းရှိတယ်လို့ နိုင်ဟံသာက ပြောပါတယ်။
BBC

No comments:
Post a Comment