တောင်ကြီးမြို့ နေအိမ်အတွင်း ဗုံးပေါက်ကွဲမှု မိသားစုဝင်များကို စစ်ဆေး

10.12.2013
တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်း၊ အုတ်ဖိုလမ်းဆုံရှိ
နေအိမ် တစ်လုံးတွင် ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီခွဲခန့်က လက်လုပ်ဗုံးတစ်လုံး
ပေါက်ကွဲခဲ့ရာမှ အမျိုးသားတစ်ဦး ဒဏ်ရာများ ရရှိမှုနှင့် ပတ်သက်၍
အဆိုပါအိမ်တွင် နေထိုင်သူ မိသားစုဝင်များကို ရဲစခန်းတွင် ခေါ်ယူစစ်ဆေးလျက်
ရှိကြောင်း တောင်ကြီး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ နေအိမ်တွင် မြို့လယ်ဗလီ ဥက္ကဋ္ဌ အသက် ၄၈ နှစ်အရွယ်ရှိ ဟာဂျီယူစွတ် (ခ)
ဦးမြင့်အောင်သည် နေအိမ် အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းလာစဉ် လှေကား
အုတ်ခုံပေါ်မှ လက်လုပ်ဗုံးတစ်လုံးကို နင်းမိရာမှ ပေါက်ကွဲမှု
ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူ အသက် ၄၃
နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ သိရှိရသည်။
“ပတ်ဝန်းကျင်ကို လေ့လာ
စစ်ဆေးချက်အရ ဒီပေါက်ကွဲမှုမှာ မိသားစုနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တယ်လို့
ယူဆရတာကြောင့် မိသားစုဝင် အားလုံးကို စစ်ဆေးနေတာပါ” ဟု တောင်ကြီးမြို့မ
ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့်
မြို့လယ်ဗလီ ဥက္ကဋ္ဌ ဟာဂျီယူစွတ်တွင် ဘယ်ဘက် ခြေချင်းဝတ်ပြတ်ကာ ဘယ်ဘက်လက်တွင်
ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင်
အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း ၎င်းက ရှင်းပြသည်။
“သူတို့
မိသားစုက အပေါ်ထပ်မှာ နေကြတာ။ အောက်ထပ်မှာ ညဘက် လူမနေဘူး။ အပေါ့သွားဖို့
ဆင်းလာတဲ့အချိန် ဗုံးကို တက်နင်းမိလို့ ပေါက်ကွဲခဲ့တယ် ဆိုပေမယ့်
ဗုံးပေါက်ကွဲသံ မကြားရဘူး။ သွားကြည့်တဲ့အချိန် မီးခိုးမှိုင်းတွေပဲ
တွေ့ရတယ်” ဟု အဆိုပါ ဗုံးပေါက်ကွဲသည့် နေအိမ်အနီးတွင် နေထိုင်သူ အသက် ၄၃
နှစ်အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။
ဗုံးပေါက်ကွဲခဲ့သော
နေအိမ်မှာ ခြံဝင်းများကို လုံခြုံစွာ ကာရံထားပြီး ရပ်ကွက်တွင်း နေထိုင်သူ
များမှာလည်း ခြံဝင်းခတ်ကာ နေထိုင်သူများ ဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲသည့်
နေအိမ် တွင်းသို့ အခြား သူတစ်ဦးက လက်လုပ်ဗုံး လာထားသောကြောင့်
ဗုံးပေါက်ကွဲခဲ့သည်ဟု နေအိမ် မိသားစုများက ပြောဆိုသော်လည်း အမှုမှန်
ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အာဏာပိုင်များက ၎င်းတို့၏
မိသားစုဝင် များကို စစ်ဆေးလျက် ရှိကြောင်း တောင်ကြီးမြို့နယ်
မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
နေအိမ်အတွင်း
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မိသားစုဝင် လေးဦး၊ အလုပ်သမား ခြောက်ဦး
စုစုပေါင်း ၁၀ ဦးကို တောင်ကြီးမြို့မ ရဲစခန်းတွင် ခေါ်ယူစစ်ဆေးလျက် ရှိပြီး
ဟာဂျီယူစွတ် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်သော ဗလီအတွင်း လုံခြုံရေးအရ
ဝင်ရောက် ရှာဖွေခဲ့ရာ ပေါက်ကွဲမှုနှင့် ပတ်သက်သည့်ပစ္စည်း တစ်စုံတစ်ရာ
မတွေ့ရှိခဲ့ကြောင်း အဆိုပါ ရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူမှာ ဆိတ်၊ အမဲ သားသတ်လိုင်စင်ဖြင့်
သားသတ် လုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး ၎င်း၏ နေအိမ်တွင် နံနက် ၆ နာရီမှ ညနေအထိ
အမဲသားများ ရောင်းချခြင်းကြောင့် လူဝင်လူထွက် များပြားကြောင်း
ယင်းရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။
အဆိုပါ
ပေါက်ကွဲမှုကို တောင်ကြီး အမှတ် (၁) မြို့မရဲစခန်းမှ (ပ) ၃၁၃/၁၃၊ ပေါက်ကွဲမှု
ဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အောက်တိုဘာလ ဒုတိယပတ်မှ တတိယပတ်အတွင်း ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)
နမ့်ခမ်းမြို့တို့တွင် ဗုံးပေါက်ကွဲမှု များကြောင့် လူသုံးဦး သေဆုံးပြီး
နိုင်ငံခြားသားတစ်ဦး အပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment