၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် အဖွဲ့အစည်း ၆၀ တို့ ပုဒ်မ ၁၈ ဖျက်သိမ်းရေး ဆန္ဒပြမည်
24.12.2013
ခွင့်ပြုချက်မယူဘဲဆန္ဒပြသည့် ပုဒ်မ ၁၈ အပါအ၀င်
ဒီမိုကရေစီစနစ်နှင့်မကိုက်ညီဘဲ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ် သကဲ့သို့
ဖြစ်နေသည့် ဥပဒေများကို ဖျက်သိမ်းပေးရန် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့အပါ
အ၀င် အရပ်ဘက်အဖွဲ့အစည်း ၆၀ ခန့်က ဆန္ဒပြတောင်းဆိုမည်ဟု ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့ မှဦးပြုံးချိုက ဒီဇင်ဘာ ၂၃ ရက်တွင် မဇ္ဈိမကို အတည်ပြု
ပြောကြားသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များတို့သည်
ထောင်မှလွတ်မြောက်လာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဆန္ဒပြမှုတွင်
ပါဝင်ခြင်းဖြစ်သည်ဟုလည်း ဦးပြုံးချိုက ပြောသည်။
“ဆန္ဒပြပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့အနေနဲ့ ပါဝင်မှာပါ။ တရားဝင်ခွင့်ပြုချက် ရယူလျှောက် ထားသွားမှာပါ” ဟု ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၃
ရက်ကမှ လက်ရှိအစိုးရ ၏ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် လွတ်မြောက်လာသူများ
ဖြစ်ကြသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးမာကီးကလည်း
“ကျွန်တော်တို့တွေ အကျဉ်းထောင်က ပြန်လည် လွတ်မြောက် လာပြီး ပထမဆုံး
ဆန္ဒပြမယ့်ပွဲပါ”ဟု မဇ္ဈိမကို ပြောသည်။
ယင်းဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်၍ ခွင့်ပြုမိန့်တောင်းခံရန်နှင့်
ပြုလုပ်မည့်အစီအစဉ်များကို ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင်
သင်္ဃန်းကျွန်းရှိ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့်
ပွင့် လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် ရှင်းလင်းသွားရန် ရှိသည်။
အဆိုပါဆန္ဒပြပွဲသို့ Generation Wave ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ဖြစ်မြောက်ရေးကော်မတီ၊ က ချင်ငြိမ်းချမ်းရေး ကွန်ရက်ကဲ့သို့သော
နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းပေါင်း ၆၀ ခန့်ပူးပေါင်း
လုပ်ဆောင်မည်ဟု ဒီဇင်ဘာ ၂ ရက်က ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒဖော်ထုတ်မှုကို ယခုရက်ပိုင်းအတွင်း ပြုလုပ်နိုင်ရန် တရားဝင်
ခွင့်ပြုချက်ရယူ ကြိုးပမ်းသွားမည်ဟု Generation Wave အဖွဲ့မှ ကိုမိုးသွေးက
ဆိုသည်။
အဆိုပါဥပဒေများထဲမှ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ
၁၈ ကိုမူ ပြင်ဆင်ရန် လွှတ်တော်က ဆောင်ရွက်နေပြီဖြစ် သည်။ ပြီးခဲ့သည့်
နိုဝင်ဘာလ ၁၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အ စည်းအဝေးတွင် ကန်ပက်လက်
မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက“အခြေခံဥပဒေမှာ နိုင်ငံသားများရဲ့ မူ
လအခွင့်အရေးအရ လွတ်လပ်စွာ၊ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့် တွေကို ပေးထားပါတယ်။ ဒါပေမဲ့ ပုဒ်မ ၁၈ က
နိုင်ငံသားအခွင့်အရေးတွေကို ပြန်လည် ပိတ်ပင်ထားပါ တယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရဲမှူးတွေက ဥပဒေရဲ့
အထက်မှာရှိနေသလိုဖြစ်တဲ့အတွက် ဒီဥပဒေ ကို ပြင်ဆင်သင့်ပါတယ်”ဟု ရှင်းပြကာ
ဖျက်သိမ်းရန် အဆိုတင်သွင်းခဲ့သည်။
ယင်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီးက “ဒီဥပဒေဟာ အခြေခံဥပဒေကို ကန့်သတ်ခြင်းမရှိ သလို၊
တည်ဆဲ ဥပဒေနဲ့လည်း မဆန့်ကျင်ပါဘူး။ ဒါ့ပြင် အခြား
ဒီမိုကရေစီနိုင်ငံများနည်းတူ ပြဋ္ဌာန်းထား ခြင်းဖြစ်တဲ့ အတွက်
ပြင်ဆင်ရန်မ သင့်ကြောင်း တင်ပြပါတယ်”ဟု ပြန်လည် မှတ်ချက်ပြုသည်။
သို့သော် အဆိုပါ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ
ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းကို ပြည်သူ့ လွှတ်တော်က လက်ခံဆွေးနွေးရန်
အတည်ပြုခဲ့ပြီး ဥပဒေကြမ်းကော်မတီနှင့် သက်ဆိုင် ရာကော်မတီများသို့
ပေးပို့ဆောင် ရွက်စေမည်ဟု ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။
လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏စာရင်းများအရမူ
မြန်မာနိုင်ငံတွင် ပုဒ်မ ၁၈ အပြင် နိုင်ငံတော်ငြိမ် ၀ပ်ပိပြားမှုကို
ထိခိုက်စေသည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅/ခ ကဲ့သို့သောပုဒ်မများဖြင့် တရား
စွဲဆိုခံထားရသည့် အမှုပေါင်း ၂၅၆ မှုအထိ ရှိနေသည်ဟု ဆိုသည်။
Mizzima - News in Burmese
No comments:
Post a Comment