Sunday, December 8, 2013

တိုင်းရင်းသား လက်နက်ကိုင် ညီလာခံကျင်းပရေး KNU ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူ


8.12.2013

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဘုံသဘော တူညီချက်တစ်ခု ချမှတ်နိုင်ရန် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ ကျင်းပရေးအတွက် ကရင် အမျိုးသား အစည်းအရုံး (KNU) က ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူကျင်းပလျက် ရှိကြောင်း KNU ဘားအံ ဗဟိုဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးစောမန်းသိန်းက ပြောကြားသည်။

အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်ကာ KNU ဝါးလေးစခန်းတွင် ပြုလုပ်လျက် ရှိပြီး ဗဟိုကော်မတီဝင်များ အားလုံး တက်ရောက် ဆွေးနွေးလျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ အစည်းအဝေးက တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ ကျင်းပမည့် ရက်နှင့် နေရာကို ဆွေးနွေး ဆုံးဖြတ်မည် ဖြစ်ကြောင်း KNU နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“အစည်းအဝေးက ခေါ်တာ နှစ်ရက် ရှိပြီ။ ဒီနေ့အထိပြီးမှာ မဟုတ်သေးဘူး။ အားလုံး ဆွေးနွေးပြီးသွားရင် လုပ်ငန်းစဉ်တွေကို ထုတ်ပြန်မှာပါ” ဟု ၎င်းကဆိုသည်။

KNU နယ်မြေအတွင်း ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် လက်နက်ကိုင် ညီလာခံတွင် နိုဝင်ဘာလ အတွင်းက KIO ဌာနချုပ် လိုင်ဇာတွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ညီလာခံ၏ နိုင်ငံလုံးဆိုင်ရာ အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်ကို ထပ်မံဆွေးနွေး သွားမည် ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထံမှ သိရှိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်အတွက် နိုဝင်ဘာ ပထမပတ်အတွင်း KIO ဌာနချုပ် လိုင်ဇာတွင် တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များက တက်ရောက် ဆွေးနွေးခဲ့ပြီး နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စဲရေး ဘုံသဘောညီချက်ကို တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့က လက်မှတ် ရေးထိုးထားသည်။

အဆိုပါ ရရှိလာသော ဘုံသဘော တူညီချက်များကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံပွဲကို ကရင်ပြည်နယ် ဘားအံမြိုတွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

The Voice

No comments:

Post a Comment