ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှုညီလာခံသို့ တက်ရောက်ရန် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကာတာနိုင်ငံသို့ သွားရောက်

10.12.2013
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကာတာနိုင်ငံ
ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့၌ နှစ်ရက်ကြာပြုလုပ်မည့်
ကာတာဖောင်ဒေးရှင်းမှ ဦးစီးကျင်းပသော ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု
ညီလာခံ (The World Innovation Summit for Health-WISH) ကို တက်ရောက်ရန်
ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ကာတာနိုင်ငံမှ လာရောက်ကြိုဆိုသော
စင်းလုံးငှား အထူးဂျက်လေယာဉ်ဖြင့် ကာတာနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် သွားရောက်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကာတာနိုင်ငံ
Her Highness Sheikha Moza bint Nasser နှင့် The Right Honourable
Professor Lord Darzi of Denham တို့၏ ဖိတ်ကြားချက်အရ ညီလာခံတွင်
သဘာပတိတစ်ဦးအနေဖြင့် တက်ရောက်မည်ဖြစ်ပြီး"မြန်မာနိုင်ငံ၏
ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြောင်းလဲခြင်းဆိုင်ရာ
စိန်ခေါ်မှုများ"ခေါင်းစဉ်ဖြင့် အမှာစကား ပြောကြားမည်ဖြစ်ကာ
ဆွေးနွေးပွဲများသို့လည်း တက်ရောက်မည် ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေး
စွန့်ဦးတီထွင်မှု ညီလာခံ (The World Innovation Summit for Health-WISH)
သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၎င်း၏ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ NLD
ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ
အောင်မိုးညိုတို့လည်း လိုက်ပါသွားကြောင်း သိရသည်။
ထို့အတူ
အဆိုပါညီလာခံသို့ သီတဂူဆရာတော် အရှင်ဥာဏိဿရနှင့် အမျိုးသား
ကျန်းမာရေးကွန်ရက်မှ ဒေါက်တာတင်မျိုးဝင်းတို့လည်း တက်ရောက်မည်ဖြစ်ကြောင်း၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေး
ကွန်ရက်အနေဖြင့်"တာဝန်ယူမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှု"နှင့်
လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်သည့်အခါ ကျန်းမာရေးစောင့်ရှောက်မှုနှင့်
ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ထားကြောင်း ညီလာခံသို့ တက်ရောက်ရန်
လိုက်ပါသွားသည့် ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။
"တစ်ကမ္ဘာလုံးက
ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေ၊ အရေးကြီးတဲ့သူတွေလည်း
တက်ရောက်ကြမှာဆိုတော့ ကျွန်တော်တို့နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုအတွက်
အကူအညီ အကြံဥာဏ်တွေရမယ်။ သေချာတာကတော့ ကျွန်တော်တို့ ပြည်သူသန်း ၆၀
အတွက်တော့ အများကြီး အကျိုးရှိပါတယ်"ဟု ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
ဒီဇင်ဘာ ၉ ရက်က ကာတာနိုင်ငံသို့ သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်
Eleven Media Group
No comments:
Post a Comment