Tuesday, January 28, 2014

၂၀၀၈ ဖွဲ့စည်းပုံပါ ၅၉ (စ) ပြင်ဆင်မည်ဆိုပါက တစညမှ ကန့်ကွက်မည်


28.1.2014

၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်မည်ဆိုပါက တစညပါတီအနေဖြင့် ကန့်ကွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး တစညပါတီဥက္ကဋ္ဌ ဦးထွန်းကြည်က ဇန်န၀ါရီ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

အခြေခံဥပဒေဆိုသည်မှာ ပြီးပြည့်စုံသည်မရှိကြောင်းနှင့် အခြေအနေအချိန်ခါအရ ပြင်သင့်သည့်အချိန် ရောက်မှသာလျှင် ပြင်ဆင်သင့်ပြီး လက်ရှိအခြေအနေတွင် လုံးဝမပြင်သင့်ကြောင်းနှင့် ပြင်ဆင်ပေးလိုက် လျှင်လည်း နိုင်ငံတကာတွင် ရိုသေလေးစားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာမည်မဟုတ်ဟု ၎င်းက ဆိုသည်။

“အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်ကိုယ်တိုင် သဘောထားပေးခဲ့တဲ့ ပုဒ်မ ၅၉ (စ)ဟာ မပြင်သင့်ဘူး။ ပြင် မယ်ဆိုရင်လည်း ကန့်ကွက်သွားမယ်။ ပြင်သင့်ပြင်ထိုက်တဲ့ အချိန်ရောက်ရင် ပြင်ဆင်ဖို့ ပါဝင်တောင်းဆို မယ်။ တကယ်လိုအပ်တဲ့ ပြင်ဆင်မှုက တိုင်းရင်းသားတွေကို အပြည့်အ၀ လုပ်ကိုင် ရပ်တည်ခွင့်ပေးဖို့ပဲ။ အခြေခံဥပဒေ နောက်ဆက်တွဲမှာပါတဲ့ အာဏာခွဲဝေမှုတွေ လုပ်ပိုင်ခွင့်တွေကို ပိုပြီးလုပ်ပိုင်ခွင့်ပေးသင့် တယ်။ အသေချာမသိဘဲ ပြင်ဖို့အော်နေတာကိုတော့ လက်မခံဘူး”ဟု ဦးထွန်းကြည်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလုံးစုံ အသစ်ပြန်လည်ရေးဆွဲရန် အခြေခံမှစ၍ ပြင်ဆင်ရေးဆွဲရန် လုံးဝမလုပ်သင့်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးများအားလုံး တစ်မျိုးသားလုံးနှင့် အကျုံးဝင်သည့် မဟာ ဗျူဟာမြောက် ရည်မှန်းချက်များကို ဦးတည်သုံးသပ်ပြီး အကျိုးသက်ရောက်မှု ပိုမိုဖြစ်ပေါ်စေနိုင်သည့် ဆောင်ရွက်မှုများသာ အခြေခံစဉ်းစား လုပ်ဆောင်ကြရမည်ဖြစ်သည်ဟု ဆိုသည်။

တစညပါတီက ၂၀၁၃ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပသော ပါတီငွေရတုအခမ်းအနားတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ကန့်ကွက်သည်ဟု တရားဝင်ကြေညာထားကြောင်း သိရသည်။

Mizzima

No comments:

Post a Comment