Wednesday, January 22, 2014

ဖက်ဒရယ်တပ်မတော်အရေး ဆွေးနွေးရန် အာမခံရှိမှသာ တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးရန် လျာထားသည်ဟုဆို


22.1.2014

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် ဖက်ဒရယ်တပ်မတော်အရေး ဆွေးနွေးရန် အတွက်အာမခံချက်ပါရှိမှသာ လက်မှတ်ရေးထိုးသွားရန် ဆောင်ရွက်နေသည်ဟု လက်ရှိပြုလုပ်နေသော ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်များညီလာခံမှ ပြောရေးဆိုခွင့်ရှိများက မဇ္ဈိမ၏မေးမြန်းချက် ကို ဇန်န၀ါရီ ၂၀ ရက် ပထမနေ့ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြား ရေးဆွဲထားသော အပစ်အခတ်ရပ်စဲရေး မူကြမ်းနှစ်စောင်ကို အသီးသီးဆွေးနွေးလျက်ရှိကာ စာချုပ်နှစ်ခုစလုံးတွင် တူညီချက် အများအပြားရှိနေ သည်ဟု ကရင်အမျိုးသားအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောကွယ်ထူးဝင်းက ဆို သည်။
“င်္Fedral Army ကို နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးမယ်လို့ အာမခံမှ တစ်နိုင်ငံလုံးအပစ်ရပ်ရေးကို လက် မှတ်ထိုးဖို့အတွက် စာချုပ်ထဲမှာ ထည့်ထားတယ်။ အပစ်ရပ်ရေးမှာ Fedral Army ကို လက်မှတ်ထိုးရ မယ်”ဟု ပြောသည်။

တိုင်းရင်းသားများနှင့် ယခင်တပ်မတော်အစိုးရအကြား အပစ်ရပ်စဲရေး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် များတွင် မည်သည့် မူဘောင်ကတိက၀တ်များကိုမှ ထည့်သွင်းကတိပြုမှုမရှိဘဲ လက်နက်စွန့်လွှတ်ရေး ကိုသာ အဓိကထားရှိခဲ့သောကြောင့် ယခု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်တွင် အပစ်ရပ်ရေး လက်မှတ်ထိုးပြီး နှစ်လအကြာမှ နိုင်ငံရေးဆွေးနွေးရေးလမ်းစဉ်များ ချမှတ်ရေးဆွဲရန်နှင့် နောက်သုံးလ အကြာတွင် နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရန် စသည့် သဘောတူညီချက်များကို ထည့်သွင်းထားခြင်း ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ဆိုသည်။

ပြည်ထောင်စုတပ်မတော်အရေး ဆွေးနွေးရေးသာမက ပြည်ထောင်စုတပ်မတော်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်နိုင်မှုအခန်းကဏ္ဍကို တိုင်းရင်းသားများအကြား ဆွေးနွေးမှုများရှိသော်လည်း ပါ ၀င်နိုင်ရန်အချက်များကိုမူ ချမှတ်ထားခြင်းမရှိသေးဟု ရခိုင်တပ်မတော် (AA-Araken Army)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မဇ္ဈိမကို ပြောသည်။

“ဒီလိုမျိုး ပြည်ထောင်စုတပ်မတော်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့အတွက်ကို အားလုံး က စဉ်းစားနေတာရှိတယ်။ ပူးပေါင်းစစ်ဦးစီးချုပ်များအဖွဲ့ဆိုတာ တိုင်းရင်းသားတွေကြားထဲမှာ ရှိတယ်။ ဒါကိုတော့ သိပ်မသိကြသေးဘူး။ ဒီလိုအဖွဲ့ကနေပြီး ဆောင်ရွက်ကောင်း ဆောင်ရွက်သွားနိုင်မယ်လို့ ထင်ပါတယ်။ အပစ်ရပ်ရေးမှာက အရင်ကလို လက်နက်စွန့်ရေးသာမဟုတ်ဘဲနဲ့ နိုင်ငံရေးဆွေးနွေးနိုင်ဖို့ အတွက် အာမခံချက်တွေလိုတယ်”ဟု ၎င်းက ဆိုသည်။

ပြုလုပ်လျက်ရှိသော ဒုတိယအကြိမ်မြောက် ညီလာခံတွင် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို သက်ဆိုင်ရာ NCCT (တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရေးအဖွဲ့)နှင့် တိုင်းရင်းသားခေါင်း ဆောင် ကိုယ်စားလှယ်များက အပြီးသတ် ဆွေးနွေးသွားရန်ရှိပြီး ညီလာခံအပြီးတွင် ၎င်းကို တိုင်းရင်း သားအဖွဲ့များအတွင်း ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်သည်။

ထို့နောက် ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ပြုလုပ်မည့် NCCT နှင့် အစိုးရအဖွဲ့တွေ့ဆုံပွဲတွင် နှစ်ဖက် မူကြမ်းများကို ထပ်မံဆွေးနွေးကာ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်ရပ်ရေး လက်မှတ်ထိုးနိုင်ရေးဆောင် ရွက်သွားရန် ရည်ရွယ်ထားသည်ဟု ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့၏ ဒုတိယအကြိမ်ညီလာခံကို ကရင်အမျိုးသားအစည်းအရုံး ထိန်း ချုပ်ရာနယ်မြေဖြစ်သော တပ်မဟာ(၇) လော်ခီးလာစခန်းတွင် ဇန်န၀ါရီ ၂၀ ရက်မှ ၂၂ ရက်အထိ သုံး ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ တက်ရောက်လျက်ရှိ သည်။

Mizzima

No comments:

Post a Comment