Wednesday, February 5, 2014

တိုင်းရင်းသား ဒေသတိုင်းတွင် သင်ရိုးညွှန်းတမ်း ပညာရှင်များ မွေးထုတ်ပေးရန်စီစဉ်


5.2.2014

နိုင်ငံတော်သမ္မတရုံး ဦးဆောင်သော လက်တွေ့ကျသည့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ သင်ရိုးညွှန်းတမ်း မူဝါဒ (မူကြမ်း) တွင် တိုင်းရင်းသား သင်ရိုးညွှန်းတမ်း ပညာရှင်များ မွေးထုတ်နိုင်ရန် ထည့်သွင်း ရေးဆွဲထားကြောင်း အဆိုပါ ကော်မတီဝင် ပညာရေး ဝန်ထမ်းတစ်ဦးက The Voice သို့ပြောကြားသည်။

ပညာရေး အဖွဲ့အစည်းများနှင့် သုတေသန ပညာရှင်များ၏ အကြံပြုချက်များအရ သင်ရိုးညွှန်းတမ်း မူဝါဒ (မူကြမ်း) တွင် တိုင်းရင်းသား ဘာသာစကားကို သူငယ်တန်းမှ စတုတ္ထတန်းအထိ သင်ကြားရေး၊ ကျောင်းသုံး ဘာသာစကားအဖြစ် အသုံးပြုခွင့်နှင့် တိုင်းရင်းသားလူမျိုး သင်ရိုးညွှန်းတမ်း ပညာရှင်များ မွေးထုတ်ရေးတို့ကို ထည့်သွင်းထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ မူကြမ်းကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရှစ်ကြိမ်မြောက် ပြင်ဆင် ရေးဆွဲထားပြီး နိုင်ငံတော်သမ္မတရုံး၏ အမျိုးသားအဆင့် ပညာရေး ဆွေးနွေးပွဲ၌ ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

တိုင်းရင်းသား ကလေးငယ်များသည် ပြဋ္ဌာန်းစာအုပ်ပါ မြန်မာ ဘာသာစကားကို နားမလည်၍ ကျောင်းထွက်နှုန်း များ မြင့်တက်နေသည့်အပြင် ကျောင်းသုံး ဘာသာစကား အခက်အခဲကြောင့် သင်ခန်းစာများကို အလွယ်တကူ နားမလည်မှုများ ရှိနေကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ Thinking Classroom Foundation မှ သင်ကြားရေး တာဝန်ခံ ဒေါ်ဟောင်စိုင်းက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက သင်ကြားခွင့်ပြုသော ပြဋ္ဌာန်း စာအုပ်များမှာ ဒေသအလိုက် ဆီလျော်မှု မရှိသောကြောင့် သင်ကြားရေးတွင် အဟန့်အတား ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးအတွက် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ သင်ရိုးညွှန်းတမ်း မူကြမ်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန် ကတည်းက စတင်ရေးဆွဲခဲ့သည်။

The Voice Weekly

No comments:

Post a Comment