address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, February 3, 2014

မကြာမီကာလအတွင်း တိုင်းရင်းသားများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးစဉ်းစားရာတွင် တိုင်းရင်းသားများ၏ ညှိနှိုင်းဆွေးနွေးချက်များကို ချန်မထားမိစေရန် သမ္မတ တိုက်တွန်း



3.2.2014

မကြာမီကာလအတွင်း တိုင်းရင်းသားများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို စဉ်းစားရာတွင် တိုင်းရင်းသားများ၏ ညှိနှိုင်းဆွေးနွေးချက်များကို ချန်မထားမိစေရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီ ၁ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းမှတစ်ဆင့် သတိပေးတိုက်တွန်း ပြောကြားသည်။

ဇန်န၀ါရီလအတွင်းက ကရင်ပြည်နယ် လော်ခီးလာဒေသတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး ညှိနှိုင်းမှုများပြုလုပ်ကာ ဘားအံမြို့၌ အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လက်မှတ်ရေးထိုးရေးအတွက် ရက်သတ်မှတ်ခြင်းနှင့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးနိုင်တော့မည်ဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်သတ်မှတ်ခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်များကို တက်လှမ်းနိုင်တော့မည်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ များမကြာမီကာလများမှာ စတင်ကျင်းပနိုင်ဖို့ ပြင်ဆင်လျက်ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များအတွက် တိုင်းရင်းသားများပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို စဉ်းစားတဲ့အခါ ၎င်းတို့ရဲ့ ညှိနှိုင်းဆွေးနွေးချက်များကို ချန်လှပ်မထားခဲ့မိဖို့ သတိပေးတိုက်တွန်းလိုပါတယ်”ဟု ပြည်သူများသို့ ရေဒီယိုမှတစ်ဆင့် ပြောကြားသည်။

တိုင်းရင်းသားများ၏ အဓိကတောင်းဆိုမှုများဖြစ်သည့် တန်းတူရည်တူရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် တိုင်းရင်းသားအခွင့်အရေး၊ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားတို့ကို ထိန်းသိမ်းနိုင်ရေးမှအစပြုပြီး ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်ရေးအထိ ကျယ်ပြန့်စွာဆွေးနွေးရန် ရည်မှန်းချက်ထား ဆောင်ရွက်နေသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းအစရှိသည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို မလွဲမသွေလုပ်ဆောင်ရမည်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထိုပြင်ဆင်ရေး ကိစ္စရပ်များသည်လည်း အခြေခံဥပဒေအသက်ဝင်ရှင်သန်ရေးအတွက် အဓိကကျသည့်ဒီမိုကရေစီတန်ဖိုးများ၊ စံနှုန်းများပြည့်မီစေရေး စသည်တို့နှင့် ချိတ်ဆက် လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိကတာဝန်ရှိသော နိုင်ငံရေးအင်အားစုများဖြစ်သည့် လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များအားလုံးသည် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များတွင် တိုင်းရင်းသားများ၏ တောင်းဆိုမှုများ ညှိနှိုင်းဆွေးနွေးချက်များကို ထည့်သွင်းပြင်ဆင်ထားရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားသည်။

လော်ခီးလာဒေသ၌ ပြုလုပ်ခဲ့သည့် တိုင်းရင်းသားများ၏ ညီလာခံအစတွင် မတူညီသည့် သဘောထားရပ်တည်ချက်များနှင့် စခဲ့သော်လည်း ညီလာခံအဆုံးတွင် ဘုံသဘောထားရပ်တည်ချက်ဖြင့် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက်ချနိုင်သည်အထိ ကြိုးပမ်းအားထုတ်ခဲ့ကြသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ ခေါင်းဆောင်များအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်းနှင့် ညီလာခံတွင် ကေအင်န်ယူ ဥက္ကဋ္ဌစောမူတူးစေးဖိုး ပြောကြားခဲ့သော
“ရဲရဲဝံ့ဝံ့ လက်မှတ်ရေးထိုး သမိုင်းတင်ပြကြပါ”ဟု ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ် အဆင့်ဆင့်တိုးတက်ဖြစ်ထွန်းရန် တိုက်တွန်းမှုကို အထူးသတိပြုမိခဲ့သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု ကိစ္စများတွင် အခက်အခဲများ စိန်ခေါ်မှုများ အကျပ်အတည်းများရှိနေခြင်းသည် ပြုပြင်ပြောင်းလဲစ နိုင်ငံတိုင်းတွင် ကြုံတွေ့ရသည့် အရှိတရားများဖြစ်ပြီး ယင်းတို့၏ အကျိုးဆက်ကြောင့် ထင်သာမြင်သာရှိသောရလဒ်များ ထွက်ပေါ်ခြင်းမရှိသည့် ကိစ္စများကို အကောင်အထည်ဖော်ရန် ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် လုပ်ဆောင်နေသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

(ဇန်န၀ါရီ ၂၂ ရက်က KNU ထိန်းချုပ်နယ်မြေ လော်ခီးလာစခန်းတွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ်ညီလာခံတတိယနေ့ အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်))

Eleven Media Group

No comments:

Post a Comment