Thursday, February 13, 2014

တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အားလုံးကို ထောက်ခံဟု နိုင်ငံတော်သမ္မတ ပြောကြား


13.2.2014

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှု အားလုံးကို ထောက်ခံကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ရေးသားထားသည်။

ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသတွင် ကျင်းပသည့် အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ ကဲ့သို့သော ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို အစိုးရက အင်တိုက်အားတိုက် ထောက်ခံကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယင်းသဝဏ်လွှာတွင် ထည့်သွင်း ပြောကြားသည်။

ယင်းအပြင် လိုင်ဇာဒေသတွင် အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ပြုလုပ်သော ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အရေးကြီးသော သမိုင်းမှတ်တိုင် တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောဆိုထားသည်။

လွန်ခဲ့သည့် (၆၇) နှစ်အကြာက ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး လွတ်လပ်ရေး ရရှိခဲ့သော်လည်း တိုင်းရင်းသား အချင်းချင်းအကြား သံသယနှင့် ပဋိပက္ခ များကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် နိမ့်ကျခဲ့ရကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

လေးရက်ကြာ ကျင်းပသည့် ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ (လိုင်ဇာ) သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစု တက်ရောက်ခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်တစ်ရပ် ရေးဆွဲဆောင်ရွက်ရန် ဆွေးနွေး သဘောတူခဲ့ကြောင်း၊ အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရာတွင်လည်း တိုးတက် အောင်မြင်လာကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က The Voice သို့ ပြောဆိုထားသည်။

လိုင်ဇာညီလာခံ၏ နောက်ဆက်တွဲအဖြစ် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို ကရင်ပြည်နယ် အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လေးဝါးစခန်းတွင် ခြောက်ရက်ကြာ ကျင်းပခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်း ရေးဆွဲသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နှစ်ဖက် သဘောတူစာချုပ် မူကြမ်း တစ်စောင်ကို အပြီးသတ်ရေးဆွဲနိုင် ခဲ့ကြောင်း၊ ယင်းမူကြမ်းကို အစိုးရနှင့် ဆက်လက် ညှိနှိုင်းပြီးပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်နိုင်မည်ဟု ရာနှုန်းပြည့် ယုံကြည်ကြောင်း တိုင်းရင်းသား ခေါင်းဆောင် များက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment