Thursday, February 13, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု ပြည်ထောင်စုနေ့တွင် NLD ထုတ်ပြန်



13.2.2014

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အခြေခံမပါဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှသည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ အသက်မ၀င်နိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ရှိ ဒို့ရိုးရာစားသောက်ဆိုင်၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ၌ ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံသည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့သည် အဓိကအကျဆုံး လက်ငင်းစိန်ခေါ်ချက်ဖြစ်ကြောင်း၊ ယင်းစိန်ခေါ်ချက်နှစ်ရပ်သည် အသွင်သဏ္ဌာန်အားဖြင့် ကွဲပြားနေစေကာမူ အနှစ်သာရအားဖြင့် တစ်ခုတည်းသာဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ စိန်ခေါ်ချက် အားလုံးသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပင်မရေစီးအတွင်းသို့ ပေါင်းဆုံကြရမည်သာဖြစ်ကြောင်း စသည်ဖြင့် ကြေညာချက်တွင် ဖော်ပြထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်တွေကို ခြုံလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ဖြစ်သည့် ‘စစ်တပ်သည် ပြည်သူ့လွှတ်တော်ကို ဘယ်တော့မှ မလွှမ်းမိုးရ၊ ပြည်သူ့လွှတ်တော်ကသာ စစ်တပ်ကို လွှမ်းမိုးစေရမည်’ ဆိုသည့် သဘောတရားကို ဖျက်ဆီးကာ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ရမည့် အစဉ်အလာကောင်းများကိုပါ ဖျက်သိမ်းလျက် တပ်မတော်သာအမိ၊ တပ်မတော်သာအဖဆိုသည့် သဘောထားကို အခိုင်အမာ ဆုပ်ကိုင်ထားတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကို ပယ်သင့်တာပယ်၊ ဖြုတ်သင့်တာဖြုတ်၊ နှုတ်သင့်တာနှုတ်၊ ဖြည့်သင့်တာဖြည့်၊ အစားထိုးသင့်တာ ပြင်ဆင်အစားထိုးခြင်းဖြင့် ပြောင်းလဲပစ်ကြရမှာ အမှန်ဖြစ်ပါတယ်” ဟု အဆိုပါအခမ်းအနားတွင် သဘာပတိမိန့်ခွန်းပြောကြားရာ၌ NLD နာယက ဦးတင်ဦးက ထည့်သွင်းပြောကြားသည်။

နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် တပ်မတော်အပါအ၀င် ပြည်သူလူထု တစ်ရပ်လုံး၏ အင်အားသည် အဓိကဖြစ်သည်ကို ဒီမိုကရေစီစနစ်ဖြင့် ထူထောင်သော နိုင်ငံ၏ အစဉ်အလာကောင်းဖြစ်ကြောင်း၊ အပြန်အလှန် ထိန်းကျောင်းပြုပြင်ခြင်း နားလည်မှုရှိလျှင် ပိုမို၍ တပ်မတော်နှင့် တိုင်းရင်းသားများသည် အစဉ်ကြည်ဖြူကြမည်ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန် တင်းကျပ်လွန်းသည့် အချက်များကို ပြောင်းလဲပစ်ကာ ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရန် စသည်ဖြင့်လည်း ကာချုပ်ဟောင်း တစ်ဦးလည်းဖြစ်သည့် ဦးတင်ဦးက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်နိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်းမှုများ ပြုလုပ်နေပြီး လာမည့်မတ်လအတွင်း ဘားအံမြို့၌ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန်ရှိကြောင်း သိရသည်။

အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံအနှံ့ သွားရောက်ကာ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူခြင်းနှင့် အဆိုပါဥပဒေ၏ အားနည်းချက်များကို လိုက်လံဟောပြောမှုများ ပြုလုပ်နေပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူထားကြောင်း သိရသည်။

-ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်၌ပြုလုပ်သော (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုစဉ်

Eleven Media Group

No comments:

Post a Comment