Saturday, May 24, 2014
မြန်မာနိုင်ငံသို့ ဦးတည်နေသည့် မုန်တိုင်းလမ်းကြောင်းပြောင်း
မြန်မာနိုင်ငံသို့ ဦးတည်နေသည့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လိမ္မော်ရောင်အဆင့်ရှိ မုန်တိုင်းငယ်သည် မေလ ၂၃ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ရောက်ရှိကာ လမ်းကြောင်းပြောင်းသွားပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက်
ထုတ်ပြန်သည်။
အဆိုပါ မုန်တိုင်းငယ်သည် မေလ ၂၂ ရက်နေ့က ရခိုင်ကမ်းရိုးတန်း ဒေသသို့ ဦးတည် ရွေ့လျားနေသဖြင့် လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားသော်လည်း မေလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်တောင်ဘက်သို့ ရွေ့လျားပြီး အားပျော့၍ လေဖိအားနည်း ရပ်ဝန်းအဖြစ်သာ ဆက်လက် တည်ရှိနေကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“မြန်မာနိုင်ငံ ကမ်းရိုးတန်းနဲ့ ဝေးသွားလို့ အရောင်အဆင့် သတ်မှတ်ချက်တွေ မရှိတော့ပါဘူး။ လောလောဆယ်မှာ လေဖိအားနည်းရပ်ဝန်း အခြေအနေသာ ရှိပါတော့တယ်” ဟု ၎င်းကဆိုသည်။
မုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံကမ်းရိုးတန်း ဒေသများနှင့် ဝေးရာဘက်သို့ ဦးတည် ရွေ့လျားနေမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မေလ ၂၃ ရက်နေ့တွင် ခန့်မှန်းပြောကြားသည်။
သို့သော် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ဆက်လက် ထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း အဆိုပါ မုန်တိုင်းငယ်သည် မုန်တိုင်းဖြစ်နိုင်ခြေ အားနည်းနေသည့် အတွက် ၂၄ နာရီအတွင်း အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်သည့် သတိပေးချက်ကို ပယ်ဖျက်၍ မုန်တိုင်းဖြစ်နိုင်ခြေ အဆင့်ကိုလည်း လျော့ချထားကြောင်း Joint Typhoon Warning Center (JTWC) က ကြေညာထားသည်။
ွှThe Voice
No comments:
Post a Comment