ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယမြောက် ဆွေးနွေးပွဲ တောင်ကြီးမြို့တွင်သာ ပြုလုပ်မည်
12.9.2013
တတိယအကြိမ်အဖြစ် ပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း
ဆွေးနွေးပွဲကို ခွင့်ပြုချက် မကျလျှင်လည်း မူလရည်ရွယ်ထားသည့်
တောင်ကြီးမြို့တွင်သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ရှမ်းပြည်နယ်
တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ် တွင် ပြုလုပ်သွားရန် စီစဉ်ထားပြီး
ပွဲကျင်းပခွင့်ရရန် သြဂုတ် ၂၄ ရက်ကတည်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့
ခွင့်ပြု ချက် လျှောက်ထားခဲ့ကာ ကြိုတင်စီစဉ်မှုများ ပြုလုပ်နိုင်ရန်အတွက်
နှစ်ပတ်အတွင်း အကြောင်းပြန်ပေးရန် မေတ္တာရပ်ခံ ခဲ့သော်လည်း စက်တင်ဘာ ၁၀
ရက်အထိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက် မကျသေးကြောင်း သိရသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက် မရပါကလည်း စီစဉ်ထားပြီး
ဖြစ်သည့်အတွက် အဆိုပါ ရက်အတိုင်း ပင် တောင်ကြီးမြို့၌ ပြုလုပ်သွားမည်ဟု
တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဦးစိုင်းခင်မောင်ညွန့်က ဆိုသည်။
"စုံစမ်းရသလောက် ပြည်ထောင်စု
အစိုးရအဖွဲ့ကို မိတ္တူပို့တယ်လို့ ပြောတယ်။ ၀န်ကြီးဦးအောင်မင်းတို့နဲ့
တရားဝင် ကမ်းလှမ်းထားတာဆိုတော့ မကျစရာတော့ မရှိဘူးထင်တယ်။ မကျရင်လည်း
ပြောင်းဖို့မလွယ်တော့ လို့ တောင်ကြီး မှာပဲ အဲဒီရက်အတိုင်း လုပ်မယ်" ဟု
ဦးစိုင်းခင်မောင်ညွန့်က ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment