23.10.2013
အစိုးရ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့(ကေ အိုင်အို)၏ ဌာနချုပ်ရှိရာ လိုင်ဇာ၌ ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏
အစည်းအဝေးသည် ရာစုနှစ်ဝက်ကျော် ကြာမြင့်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခ
ဖြစ်စဉ်များ ချုပ်ငြိမ်းရေးနှင့် မြန်မာငြိမ်းချမ်းရေးအတွက်
အလွန်အရေးကြီးသည်ဟု ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ
ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်
တပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အောက်တိုဘာ ၃၀၊ ၃၁
ရက်နှင့် နိုဝင်ဘာ ၁ ရက်များတွင် လိုင်ဇာ၌ ပြုလုပ်သွားမည်ဖြစ်ပြီး
ယင်းဆွေးနွေးပွဲအပြီး နိုဝင်ဘာ ၂ ရက်တွင် ကေအိုင်အိုအဖွဲ့သည်
မြစ်ကြီးနားမြို့သို့ လာရောက်ကာ နိုဝင်ဘာ ၃ ရက်တွင်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်
တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု Myanmar Peace Center မှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"နိုင်ငံတော် အစိုးရရဲ့
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့တွေ အားလုံးက သူတို့က ဒီအပေါ်မှာ လက်မှတ်ထိုးဖို့၊
မထိုးဖို့ တက်ရောက်ဖို့၊ မရောက်ဖို့ဆိုတာ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့
ခေါင်းစဉ်ပါပဲ။ ဘယ်အဖွဲ့ ဘယ်နှဦး တက်ရောက်မယ် ဆိုတာတော့ မသိရသေးဘူး။
ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး ခေါ်ထားပြီး
အားလုံးတွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်" ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အားလုံး ပါဝင်သည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး
ပြုလုပ်ရန် မူလက ယခုနှစ် ဇူလိုင်လအတွင်း စီစဉ်ခဲ့သော်လည်း တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အားလုံးနှင့် ညှိနှိုင်း၍ မရရှိသောကြောင့် အောက်တိုဘာလတွင်
ပြုလုပ်ရန် ထပ်မံစီစဉ်ခဲ့သည်။ သို့ရာတွင် အောက်တိုဘာလ အတွင်း၌လည်း
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်လက်ညှိနှိုင်းနေဆဲသာဖြစ်ြ ပီး နိုဝင်ဘာလအတွင်း ပြုလုပ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
အစိုးရ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များအားလုံး တစုတစည်းတည်း တက်ရောက်မည်၊ မတက်ရောက်မည်
ဆိုသည်ကို လိုင်ဇာတွင် ပြုလုပ်မည့် တိုင်းရင်းသားခေါင်းဆောင်းများ
အစည်းအဝေး အပြီးတွင် သိရနိုင်ကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာ
အပစ်အခတ် ရပ်စဲရေးသည် အခြေအနေ ကောင်းမွန်သည်ဟု ဦးလမိုင်ဂွန်ဂျာက
ပြောကြားသည်။
"နိုင်ငံတော် အစိုးရ အနေနဲ့လည်း တစ်နိုင်ငံလုံး
အတိုင်းအတာ အပစ်အခတ် ရပ်စဲဖို့ဆိုတဲ့ အပေါ်မှာ သူတို့ရဲ့ စီမံချက်လေးတွေ
ဘာဆိုတဲ့ဟာ ကေအိုင်အို သူတို့ပြန်အကြောင်းပြန်မယ် ဆိုတာသိရတယ်။
အဲဒီအကြောင်းပြန်တဲ့ အပေါ်မှာ မူတည်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့တွေအားလုံးကလည်း ဘယ်လိုပုံစံနဲ့ တက်ရောက်မယ်။ လက်မှတ်ထိုးမယ်၊
မထိုးဘူးဆိုတာ သိရမှာ။ ဒီအဆင့်အထိ ညှိနှိုင်းလာပြီ ဖြစ်တဲ့အတွက်
တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးက အလားအလာ အခြေအနေ
ကောင်းတယ်လို့ သုံးသပ်ရပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်
လိုင်ဇာဆွေးနွေးပွဲက တော်တော်လေး အရေးကြီးတယ်လို့ မြင်တယ်" ဟု
ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
လိုင်ဇာတွင်ပြုလုပ်မည့် တိုင်းရင်းသားခေါင်းဆောင်များ
ထိပ်သီးအစည်းအဝေးသည် အစိုးရ၏ ရှေ့ဆက်သွားမည့် နိုင်ငံရေး ဆွေးနွေးပွဲကို
ရောက်ရှိဖို့အတွက် လိုအပ်ချက် တစ်ခုဖြစ်သည်ဟု အစိုးရငြိမ်းချမ်းရေး
ဖော်ဆောင်ရေး အလုပ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Eleven Media Group

No comments:
Post a Comment