ဘားအံမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ယခုလ ၁၈ ရက် စမည်
10.12.2013
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ဒုတိယအကြိမ်ညီလာခံကို
ကရင်ပြည်နယ်ဘားအံခရိုင် တွင် ဒီဇင်ဘာလ ၁၈ ရက်မှ စတင်ကာ သုံးရက်ကြာ
ပြုလုပ်မည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU တွဲဖက်အတွင်းရေးမှူး (၂)
ပဒိုမန်းမန်းက ပြောသည်။
ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ KNU နယ်မြေ
လေးဝါး(လောခီးလာ)စခန်းတွင် ကျင်းပရန် ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်ထိ ငါးရက်ကြာ
ကျင်းပခဲ့သော KNU ၏ ၁၅ ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အစည်း အဝေးတွင်
ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“NCCT က ဆောင်ရွက်တဲ့
စာချုပ်အပေါ်မှာ ဆွေးနွေးမယ်။ နောက် နိုင်ငံရေးမူဘောင်ကို ဆွေးနွေးမယ်။
ဒီအခြေခံနှစ်ခုပေါ့။ အပစ်အခတ်ရပ်စဲရေးရဖို့က အစိုးရနဲ့ညှိစရာတွေ
အများကြီးရှိတယ်။ ဒီညီလာခံကနေ တိုင်းရင်းသားတွေရဲ့ စာချုပ်သဘောတူညီမှု
ချမှတ်မယ်။ အဲဒါပြီးတော့ အစိုးရဘက်မှ ပြင်ဆင်ထားတဲ့ စာချုပ်နဲ့ ညှိရမယ်”ဟု
ပဒိုမန်းမန်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်ထိ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအ ဖွဲ့ NCCT က
လိုင်ဇာညီလာခံမှ ရရှိလာသည့် ဘုံသဘောတူညီမှု မူကြမ်းအပေါ် စကားလုံးအချို့
ဖြည့် စွက်၍ မူကြမ်းရေးဆွဲခဲ့သည်။ ဘားအံညီလာခံတွင် အဆိုပါမူကြမ်းကို
ထပ်မံဆွေးနွေး အတည်ပြုမည်ဖြစ် သည်။
ဘားအံညီလာခံသို့
လက်နက်ကိုင်အဖွဲ့အစည်း ၁၈ ဖွဲ့အပြင်၊ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မ တော်
UWSA၊ မိုင်းလားအဖွဲ့တို့ကိုလည်း ထပ်မံဖိတ်ခေါ်သွားရန်ရှိပြီး
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF
ကိုလည်း ဖိတ်ခေါ်ရန် ဆုံးဖြတ်ထားသည်ဟု ပဒိုမန်းမန်းက ပြောသည်။
NCCT
အဖွဲ့သည် လိုင်ဇာမှာ တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့က သဘောတူညီထားသော မူကြမ်း
၁၁ ချက် တွင် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး၊
နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်ရေးဆွဲခြင်း၊
နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ မတရားအသင်းအဖြစ်မှ
ပယ်ဖျက်ရေး စသည့် အချက် များ ပါဝင်သည်။
အစိုးရ၏ မူကြမ်းပါ အခန်း
၁၅ ခန်းတွင်မူ တပ်သားသစ်မစုဆောင်းရ၊ စစ်ရေးဆိုင်ရာ လက်နက်ခဲယမ်း
မစုဆောင်းရ၊ စခန်းသစ်မဆောက်ရ၊လူထုထံမှ အကောက်အခွန်မကောက်ရဆိုသည့် အချက်များ
လက် နက်ကိုင်အဖွဲ့အစည်းများကို လက်နက်စွန့်ရေးမူဖြစ်နေသဖြင့်
လက်ခံနိုင်ဖွယ်မရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုသည်။
ထို့အပြင် KNU ၏ ၁၅ ကြိမ်မြောက် ညီလာခံတွင် တိုင်းရင်းသားများ
ရေးဆွဲထားသော မူကြမ်းနှင့် အစိုးရ ဘက်မှ တင်ပြသော တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို ဝေဖန်သုံးသပ်ခဲ့ကြသည်ဟု ပဒိုမန်းမန်းက
ပြောသည်။
“NCCT က ပြင်ဆင်ထားတဲ့ မူကြမ်းကို ပြန်လည်သုံးသပ်
အကြံပြုထားပြီး။ အစိုးရမူကြမ်းအပေါ် ပြန်ဖြည့် စွက်ရမယ့် အချို့ဝေါဟာရ၊
စကားရပ်တွေကို ကျွန်တော်တို့ ပြန်ပြင်ဆင်တာ။ ဝေါဟာရ လက်မခံနိုင်တာ တွေကို
သုံးသပ်ထားတယ်။ ဥပမာအားဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ်ဆိုတာမျိုး၊
ပစ်ခတ်တိုက် ခိုက်မှုဆိုတဲ့ စကားရပ်ကို အပစ်အခတ်ရပ်စဲရေးဆိုတဲ့
စကားရပ်အတိုင်းပဲ ပြန်သုံးဖို့ဆိုတာတွေပေါ့”ဟု သူက ဆက်ပြောသည်။
လာမည့် ဒုတိယအကြိမ် ညီလာခံသည် တစ်နိုင်ငံလုံးအတိုင်းအတာ
အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက် ၍ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ အမြင်များ၊ တောင်းဆိုချက်များ
တင်ပြဆွေးနွေး သွားမည်ဖြစ်၍ အရေးပါသော ညီလာခံဖြစ်သည်ဟု NCCT
အဖွဲ့ခေါင်းဆောင်၊ UNFC မှ အတွင်းရေးမှူး နိုင်ဟံသာက မဇိ္ဈမကို ပြောသည်။
“ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က အမြင်တွေ၊ နားလည်မှုတွေ
ဘယ်လောက်ထိရမလဲ၊ ဒီညီလာ ခံက နှစ်ဖက်နားလည်မှုရနိုင်ရေး၊ တိုင်းရင်းသားတွေ
အားလုံးဘက်က ဘယ်လောက် တောင်းဆိုကြမလဲ ဒါကတော့ အရေးကြီးတာပေါ့။ နှစ်ဖက်
နားလည်မှုရရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်မယ်။ အဲ ဒီကိစ္စ ဘယ်လို
ရပ်တည်ချက်ပေးမယ်။ လက်ခံနိုင်မလဲပေါ့။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးက
သိပ် တော့ မနီးစပ်သေးဘူး”ဟု နိုင်ဟံသာက ပြောသည်။
အဆိုပါ
ဒုတိယအကြိမ် ညီလာခံကျင်းပမှုအပေါ်မူတည်ပြီး ကရင်ပြည်နယ် ဘားအံမြို့တွင်
အစိုးရနှင့် တိုင်းရင်းသားများ၏ တွေ့ဆုံဆွေးနွေးမှု
ပြန်လည်ပြုလုပ်မည်ဖြစ်သည်။ ထိုတွေ့ဆုံဆွေးနွေးမှုကို လာ မည့် ၂၀၁၄ ခုနှစ်
ဇန်န၀ါရီလအတွင်း ဖြစ်နိုင်ဖွယ်ရှိသည်။
Mizzima - News in Burmese
No comments:
Post a Comment