တိုင်းရင်းသား ဒေသများအတွက် ဆေးတက္ကသိုလ် ဝင်ခွင့်ဦးရေ တိုးခေါ်မည်
13.12.2013
မြန်မာနိုင်ငံတစ်ဝန်း တိုင်းရင်းသား ဒေသများရှိ တက္ကသိုလ်ဝင်တန်း
အောင်မြင်ပြီးသူများအတွက် ဆေးတက္ကသိုလ် ဝင်ခွင့်ဦးရေကို နှစ်စဉ် ၃
ရာခိုင်နှုန်း ခေါ်ယူခဲ့ရာမှ လာမည့် ပညာသင်နှစ်များတွင် ထပ်တိုး ခေါ်ယူသွားရန်
စီစဉ်နေကြောင်း ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ်က
ပြောကြားသည်။
လက်ရှိ
ပညာသင်နှစ်တွင် တိုင်းရင်းသားဒေသ များမှ ကျောင်းသား၊ ကျောင်းသူများအတွက်
ဆေးတက္ကသိုလ် ဝင်ခွင့်ရမှတ်ကို ပုံမှန်အောက် လျှော့ခေါ်ထားပြီး ယခုနှစ်
ဆေးတက္ကသိုလ် လေးခုတွင် အဆိုပါ ဒေသများက ဝင်ခွင့်ရ ကျောင်းသား ၃၆ ဦး
ခေါ်ယူပြီးကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် ပညာရေး မြှင့်တင်မှု
အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် ၎င်းကပြောဆိုသည်။
ယင်းကြောင့် လာမည့် စာသင်နှစ်များ၌ တိုးမြှင့် ခေါ်ယူသွားရန် ရှိသော်လည်း
ရာခိုင်နှုန်း သတ်မှတ်ချက် မရှိသေးကြောင်း ဒေါက်တာတင့်ဆွေလတ်က ဆက်လက်
ပြောကြားသည်။
တိုင်းရင်းသားများအတွက် ဝင်ခွင့် စာမေးပွဲများ
ဖြေဆိုရာတွင် မြန်မာ ဘာသာနှင့် ဖြေဆိုရသည့်အတွက် အခြားသူများအောက် ရမှတ်
ပိုနိမ့်ရခြင်း ဖြစ်ကြောင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် အပါအဝင်
တိုင်းရင်းသား ဒေသအချို့၌ ကျန်းမာရေး လိုအပ်ချက်မှာ ပိုမို မြင့်မားပြီး
အာဟာရ ပံ့ပိုးမှုလည်း အားနည်းကြောင်း နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး
အဖွဲ့ဝင် ဒေါ်ရင်ရင်နွယ်က ပြောဆိုသည်။
လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်
ဆေးတက္ကသိုလ်လေးခု ဝင်ခွင့် သတ်မှတ် ဦးရေသည် ၁၂၀၀ ဦးသာ ရှိပြီး
လွန်ခဲ့သောနှစ်က ဝင်ခွင့်ဦးရေထက် တစ်ဝက်နီးပါး လျှော့ခေါ်ယူထားသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့၌ ဆေး
တက္ကသိုလ်လေးခု တည်ထောင်ထားပြီး လာမည့် ပညာသင်နှစ်အတွက် တောင်ကြီး
ဆေးတက္ကသိုလ်ကို တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မတိုင်မီ
ဆေးတက္ကသိုလ် ဝင်ခွင့်စနစ်၊ သင်ကြားရေး နည်းစနစ်များနှင့် ကျောင်း
ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ရန် စီစဉ်နေကြောင်း ပညာရေး
အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly
No comments:
Post a Comment