နယ်စပ်ကုန်သွယ်ရေး စခန်းသစ်ငါးခု ထပ်တိုးဖွင့်ရန် စီစဉ်

13.12.2013
မြန်မာနှင့် အိမ်နီးချင်း နိုင်ငံများ၏ ကုန်သွယ်ရေး မြှင့်တင်ရန်အတွက်
နယ်စပ် ကုန်သွယ်ရေးစခန်းသစ်ငါးခု ထပ်တိုး ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်
ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါစခန်း ငါးခုမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မိုင်းလားနယ်စပ်
ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်စဲ့၊ ဘုရားသုံးဆူနှင့်
ပုံပါကျင်နယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ထန်တလန်
နယ်စပ်ကုန်သွယ်ရေး စခန်းတို့ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ပုံပါကျင် နယ်စပ် ကုန်သွယ်ရေးစခန်း
ဖွင့်လှစ်ရန် အတွက်မူ ကာကွယ်ရေး ဝန်ကြီးဌာနထံမှ ခွင့်ပြုချက် မရရှိသေးဘဲ
အဆိုပါ ဒေသသည် ယခင်က ဘိန်းစိုက်ပျိုး ထုတ်လုပ်သူများနှင့် လက်နက်ကိုင်များ
ကြီးစိုးရာဒေသ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး
ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးတေဇာအောင်ဝင်း က ပြောကြားသည်။
ဘုရားသုံးဆူ
နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် ဘဏ္ဍာငွေ သုံးပုံတစ်ပုံ ရရှိပြီး
ဖြစ်ပြီး အဆိုပါ ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီးပါက မြန်မာ-ထိုင်း နယ်စပ်
ကုန်သွယ်မှုတွင် မြဝတီ နယ်စပ်ကုန်သွယ် ရေးစခန်း ကဲ့သို့ အရေးပါလာမည်ဟု ၎င်းက
သုံးသပ်သည်။
မြန်မာ-တရုတ် နယ်စပ်တွင် ဖွင့်လှစ်ရန် လျာထားသည့်
မိုင်းလား နယ်စပ်ကုန်သွယ်ရေး စခန်းမှာမူ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ
ဒေသအတွင်း ဖြစ်သောကြောင့် ဖွင့်ဖြစ်ရန် မသေချာသေးကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံသည် လာမည့် ၂၀၁၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံနှင့် နယ်စပ် ကုန်သွယ်မှုကို သုံးဆခန့် မြှင့်တင်ရန် သဘောတူထားသည်။
မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ် အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ မောတောင်
နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်း တို့ကို
ဖွင့်လှစ်နိုင်ခဲ့ပြီး လက်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခုအထိ
ရှိလာပြီ ဖြစ်သည်။
ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်စမှ နိုဝင်ဘာ ၂၉
ရက်နေ့အထိ နယ်စပ် ကုန်သွယ်ရေးစခန်း ၁၅ ခုမှ ကုန်သွယ်မှု ပမာဏသည်
အမေရိကန်ဒေါ်လာ ၃၁၂၅ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ထားပြီး အဆိုပါ ပမာဏသည်
ယမန်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ သန်း ၉၂၉ သန်း ပိုမိုရရှိထားသည်။
The Voice Weekly
No comments:
Post a Comment