လေးပွင့်ဆိုင် တွေ့ဆုံခွင့်မရသည့် အကြောင်းပြချက်သည် အဓိပ္ပာယ် မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
15.12.2013
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊
ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေး ရန် ဒေါ်အောင်ဆန်းစုကြည်၏
မေတ္တာရပ်ခံစာကို နိုင်ငံတော် သမ္မတရုံးက တွေ့ဆုံရန် မသင့်ဟု
တုံ့ပြန်ခြင်းသည် အဓိပ္ပာယ် မရှိသော အကြောင်းပြချက် ဖြစ် ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံခွင့် တောင်းခံမှုသည် အခြေခံဥပဒေ ပြင်ဆင်ရေး၊
လေ့လာ သုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာကို စောင့်ဆိုင်းသင့်ပြီး
ပါတီတစ်ခုတည်း၏ ဥက္ကဋ္ဌ အနေနှင့် တွေ့ဆုံခြင်းထက် နိုင်ငံရေး ပါတီအားလုံး
ပါဝင်စေချင်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်က
ထုတ်ပြန် ပြောဆိုထားသဖြင့် ၎င်းက ယင်းသို့ တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။
“ပြင်ကို ပြင်ရမယ်ဆိုတာ သိသိကြီးနဲ့ ကြည့်နေပြီးတာ့ ကျွန်မက
ပါတီတစ်ခုကိုပဲ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်မို့လို့ တွေ့ဖို့ မသင့်တော်ပါဘူး
ဆိုတာကို ကျွန်မတို့ ပြည်သူတွေ အနေနဲ့ ပြောမယ်ဆိုရင် ဒါဟာအဓိပ္ပာယ် မရှိတဲ့
အကြောင်းပြချက် တစ်ခုပဲလို့ ကျွန်မကို ပြောမှာပဲလို့ ကျွန်မ ထင်ပါတယ်” ဟု
၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၄ ရက်က ၎င်း၏
မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ် (ရန်ကုန်တိုင်း) ရှိ ပြည်သူများနှင့်
တွေ့ဆုံကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒ ခံယူပွဲ၌
ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်ရန် ညှိနှိုင်း ဆွေးနွေးခြင်းနှင့် ပြင်ဆင်ရေး ကိစ္စသည် မဖြစ်မနေ
လုပ်ဆောင်ရမည် ဖြစ်သောကြောင့် ယင်းကိစ္စကို ရှောင်လွှဲနေသော သူများရှိပါက
နိုင်ငံကို ဦးဆောင်ရန် မသင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အဆိုပါ ဥပဒေကို ပြင်ဆင်လိုသည့် အချက်များကို လွှတ်တော်သို့ တင်ပြသော်လည်း
လက်ရှိ အာဏာရပါတီက ပြင်ဆင်ခွင့် မပေးပါက ဆက်လက် လုပ်ကိုင်မည့်
အခွင့်အလမ်းကို ပြည်သူ့ထံသို့ ချပြသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ဆိုသည်။
The Voice Weekly
No comments:
Post a Comment