ရန်ကုန်တက္ကသိုလ်သို့ အခြားတက္ကသိုလ်မှ ကျောင်းသား များ ကျောင်းပြောင်းတက်ခွင့် ပေးရန် စီစဉ်
15.12.2013
ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် ပြန်လည် ဖွင့်လှစ်လိုက်သော ဝိဇ္ဇာနှင့်
သိပ္ပံ ထူးချွန်ဘာသာရပ် ၂၀ ခုတွင် တက်ရောက် သင်ကြားလိုသည့် အခြားတက္ကသိုလ်မှ
ကျောင်းသား၊ ကျောင်းသူများ အနေနှင့် ဝင်ခွင့်ဖြေဆိုကာ ရန်ကုန် တက္ကသိုလ်သို့
ကျောင်းပြောင်း တက်ရောက် နိုင်ရန် ပညာရေး ဝန်ကြီးဌာနသို့ တင်ပြမည်
ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောကြားသည်။
“ရန်ကုန်တက္ကသိုလ်ကို တက်ခွင့် မရလိုက်တဲ့ နယ်တက္ကသိုလ်တွေနဲ့ တခြားရန်ကုန်က
ကျောင်းသားတွေ အနေနဲ့ ဒီပထမနှစ် မမီလိုက်ရင်လည်း ဒုတိယနှစ်မှာ၊ ဒုတိယနှစ်
မမီရင် တတိယနှစ်မှာ ဝင်ခွင့်ဖြေပြီး ကျောင်းပြောင်း တက်နိုင်အောင်
စီစဉ်ပေးဖို့ ရှိတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ထို့ပြင်
ဘွဲ့ကြို စာသင်နှစ်များတွင် သာမက ဘွဲ့လွန်နှင့် ပါရဂူဘွဲ့ တက်ရောက်သည့်
အချိန်အထိ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် လိုပါက ဝင်ခွင့် ဖြေဆိုပြီး
တက်ရောက်ခွင့်ရရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။
ယခုလက်ရှိတွင်
ရန်ကုန် တက္ကသိုလ်နှင့် အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ တရုတ်စသည့်
တက္ကသိုလ်များက လာရောက် ချိတ်ဆက်မှုများ ရှိနေပြီး ကျောင်းသားနှင့် ဆရာ၊
ဆရာမများ ဖလှယ်ရေးနှင့် လေ့လာရေး ခရီးစဉ်များကို ၂၀၁၃-၂၀၁၄
ပညာသင်နှစ်အတွင်း အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်
အသိုင်းအဝိုင်းထံမှ သိရသည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ရန်ကုန်
တက္ကသိုလ်တွင် ဝိဇ္ဇာနှင့် သိပ္ပံ ထူးချွန် ကျောင်းသား ကျောင်းသူ ၁၀၀၀
ခေါ်ယူမည် ဖြစ်ပြီး ယခုလက်ရှိတွင် အဆိုပါ တက္ကသိုလ်၌ တက်ရောက်သူပေါင်း ၁၅၀
ဦးသာ ရှိသေးကြောင်း ဒေါက်တာတင်ထွန်းက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment