9.11.2013
ယခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့သည် အစိုးရမှ ကရင်ပြည်နယ် နေ့အဖြစ် သတ်မှတ် ပေးထားသည့် (၅၈) နှစ်မြောက် ကရင်ပြည်နယ် နေ့ဖြစ်ပါသည်။ ဤနေ့ ကျရောက်တိုင်း ကရင် လူအဖွဲ့ အစည်းများသည် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းနှင့် အတူ တိုင်းရင်း ကရင်ရိုးရာ ဓလေ့ များကို စုပေါင်း ဖေါ်ထုတ်ကြ ပါသည်။
ဒုံးယိမ်း ကဟန်တွေ ဝေလျက်၊ ဖားစည်သံတွေ ညံလျက် ကရင်ပြည်နယ် မြို့တော် ဘားအံမှာ ခြိမ့်ခြိမ့်သဲနှင့် ကရင်ပြည်နယ် နေ့အခမ်းအနား ကို ကျင်းပ ခဲ့တာလည်း ဖြစ်ကြသည်။ ဆောင်းနှင်းပွင့်တို့ အငုံမှာ ကရင်လူမျိုးများ ၏ ချစ်ကြည်စွာ စည်းလုံး ခဲ့ကြသည့် သင်္ကေတများ ဆန်းသစ် ဝေဖြာစွာ ရှု့  မြင် ကြရပါသည်။
ဤကဲ့သို့ ပြည်နယ်နေ့ တွင် မြင်တွေ့ နေရသော ပွဲလန်း သဘင်များကို ငေးမောရင်း ကျမအပါအဝင် အခြားကရင်ပြည် သူများလည်း ကရင်ပြည်နယ် နေ့ဖြစ်ပေါ် လာသည့် အကြောင်းရင်းကို သိချင် ကြလိမ့်မည်ဟု ယူဆသဖြင့် ဤကရင် ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ အတိတ် သမိုင်းကြောင်းကို ဆောင်းပါးဖြင့် မိတ် ဆက်ပေး လိုက်ခြင်း ဖြစ်ပါသည်။
ဤသို့ကြောင့် ကရင်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှု တိုးတက် ပြန့်ပွားရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆရာစောမြင့်သူအား ကရင်ပြည်နယ် နေ့ဖြစ်လာပုံ ကို မေးမြန်း ဖြစ်ခဲ့ ပါသည်။
“ပထမအဆင့် ကတော့ အစိုးရကနေ (၁၉၅၁) ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့မှာ ပြည်ထောင်စု မြန်မာနိုင်ငံ ထဲက ကရင်ပြည်နယ်ကို တရားဝင် သတ်မှတ် ပေးတယ်။ ဒုတိယ အဆင့်ကတော့ ပြည်နယ်ရဲ့ ဧရိယာကို(၁၉၅၄) ခုနှစ် မှာ သံလွင်ခရိုင်မှ ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်မြို့နယ် တွေကို ကရင်ပြည်နယ် ဧရိယာ အဖြစ် သတ်မှတ် ပေးပြန်တယ်။ ဒီတော့ ပြည်နယ်နေ့ကို အဲဒီနို ၀င်ဘာ (၇) ရက်နေ့ကို အကြောင်းပြု ပြီးတော့ ကရင်ပြည်နယ်နေ့ ဆိုပြီး ဖြစ်လာတာပါ ဘဲ” ဟု ဆရာစော မြင့်သူက ဆိုပါသည်။
ထိုမှတဆင့် ပြည်နယ် ဧရိယာတွေကို တိုးချဲ့ပေးသည့် အနေဖြင့်(၁၉၅၅) ခုနှစ်တွင် ကျိုက်ခမီခရိုင်မှ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ကိုပါ ကရင်ပြည် နယ် ဧရိယာအဖြစ် ထပ်မံတိုးချဲ့သတ်မှတ် ပြန်ပါသည်။ အလားတူ(၁၉၆၀) ခုနှစ်တွင် မြ၀တီ မြို့နယ်ကိုလည်း ကရင်ပြည်နယ် ဧရိယာ အဖြစ်နောက်ဆုံး သတ်မှတ် ပေးလိုက်သဖြင့် ကရင်ပြည် နယ်သည် မြို့နယ် (၇)မြို့နယ်ဖြင့် ဖွဲ့စည်း လိုက်ခြင်းဖြစ်ပါသည်။
ကရင်ပြည်နယ် သည် ဘားအံမြို့နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ကော့ကရိတ် မြို့နယ်၊ မြ၀တီမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဖါပွန်နှင့် သံတောင်မြို့နယ် တို့ဖြင့် စုဖွဲ့ ထားပါသည်။ ပြည်နယ်နေ့ ကိုလည်း ပြည်နယ်ကို (၁၉၅၁) ခုနှစ်က သတ်မှတ်ပေး ထားသော်လည်း (၁၉၅၅-၅၆)ခုနှစ်မှ ပြည်နယ်နေ့ကို ပထမဆုံး အကြိမ် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည့် အတွက် (၅၈) ကြိမ် မြောက်သာ ရှိခဲ့ခြင်း ဖြစ်ပါသည်။
“ကရင်ပြည်နယ် နေ့အကြောင်း ပြောရမယ်ဆိုရင် ကရင်ပြည်နယ် ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို အရင်ပြော ရပါ့မယ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ထဲကို ဂျပန်တွေ ၀င်လာတော့ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှုတွေ ရပ်ဆိုင်းသွားတယ်။ ဂျပန်တွေ စစ်ရှုံးပြန်တော့ ဒုတိယအကြိမ် အင်္ဂလိပ်တွေ ပြန်ဝင်လာတယ်။ အဲဒီ အချိန် မြန်မာနိုင်ငံမှာ ဒေါကလုဆိုပြီး ကရင်အမျိုးသား အစည်းအရုံး ပေါ်လာတယ်။ မြန်မာနိုင်ငံမှာ လွတ်တော် ရွေးကောက်ပွဲ ပြုလုပ်တဲ့ အချိန်မှာ လွတ်တော်ထဲမှာ ကရင် လွတ်တော် အမတ်တွေ ၀င်ရောက် ယှဉ်ပြိုင် လာကြတယ်။ အဲဒီအချိန်မှာပဲ ကရင်ပြည်နယ် လွတ်တော်အမတ် တွေက ကရင်ပြည်နယ် သီးသန့်ပေးဖို့ တောင်းဆို လာကြတယ်။ တောင်းဆို လာတာနဲ့ အညီ (၁၉၅၁) ခု နှစ်မှာ ဖာပွန်မြို့နယ်မှာ ပါဝင်တဲ့ သံလွင်ခရိုင်ကို ပထမဆုံး ကရင်ပြည်နယ် အဖြစ် စတင်သတ်မှတ် ပေးလိုက်တာပါ။ ” ဟုဆိုပါသည်။
ကရင်ပြည်နယ် ဖြစ်လာပြီးနောက် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ လက်ထက်တွင် (၂၅) ကြိမ်မြောက် ပြည်နယ်နေ့ ငွေရတု သဘင်ကို ကျင်းပရာ တွင် (၂၅) ကြိမ်မြောက်ကို (၂၅) နှစ်မြောက်ဟု ပြောင်းလဲ လိုက်ပြန်သည်။ ဤ သို့ကြောင့် ပြည်နယ်နေ့ကို (၆၂) ကြိမ်မြောက် ဖြစ်ရမည့်အစား (၅၈) နှစ်မြောက် ဖြစ်နေခဲ့ခြင်း ဖြစ်ပါသည်။
ကရင်ပြည်နယ် သည် (၁၉၅၁) ခုနှစ်တွင် စတင်သတ်မှတ် ခဲ့သော်လည်း (၁၉၅၈) ခုနှစ်တွင်မှ ပြည်နယ် အုပ်ချုပ်ရေးကို စတင် နိုင်ခဲ့ပါသည်။ ကရင်ပြည်နယ် ၏ ပထမဆုံး ၀န်ကြီးချုပ် အဖြစ် (ဧရာဝတီတိုင်းမအူပင်သူဖြစ်သည့်) မစ်ဘမောင်ချိန် အားခန့်ထားခဲ့ပြီး သူမသည် ကရင်ပြည်နယ်၏ ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ် တစ်ဦးလည်း ဖြစ်ပါသည်။
ကရင်ပြည်နယ်နေ့ သည် ကရင်ပြည်နယ် အတွင်း နေထိုင်ကြသော လူမျိုးစုံ ပြည်သူများ၏ ရိုးရာဓလေ့ ထုံးတမ်းများ ကိုဖေါ်ထုတ်သည့် ပွဲဟု ယူဆသလို ကရင် အမျိုးသားနေ့သည် ကရင်လူမျိုးကို အခြေခံသော အမျိုးသားပွဲတော် ဟု ယူဆကြောင်း ကရင်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှု တိုးတက် ပြန့်ပွားရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆရာ စောမြင့်သူက ဆိုပါ သည်။
“ ကရင် ပြည်နယ်နေ့ နဲ့အမျိုးသားနေ့ က အနှစ်သာရလည်း မတူသလို အဓိပါယ်လည်း မတူပါဘူး။ ဒါကြောင့် ကရင်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှု တိုးတက် ပြန့်ပွားရေးအဖွဲ့ ကတော့ ဒီနှစ်ရဲ့ ကရင် ပြည်နယ်နေ့ ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်က (၅) ချက်ရှိပါတယ်။
၁) ကရင်ပြည်နယ် မှာ နေထိုင်တဲ့ ကရင် အမျိုးသား အပါဝင် တိုင်းရင်းသား အားလုံးက စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် နေထိုင်နိုင်ရေး၊
၂) ကရင်တွေရဲ့ ဓလေ့၊ ထုံးတမ်း အစဉ်လာ ရိုးရာ ယဉ်ကျေးမှု တွေကို ဖော်ထုတ် မြှင့်တင်ရန်၊
၃) ဒို့တာဝန် အရေးသုံးပါး ကို ဦးထိပ်ထားပြီး ၀ိုင်းဝန်း ဆောင်ရွက် သွားရန်၊
၎) ကရင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် အတွက် ဒီထက် ပိုပြီး တိုးတက်လာအောင် ဆောင်ရွက်ဖို့နဲ့
၅) အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ငြိမ်းချမ်းရေး ရရှိနေတဲ့ အခြေ အနေပေါ်မှာ ပြည်သူတွေရဲ့ နေထိုင်မှု ဘ၀ကိုပိုမို မြှင့်တင်ပေးရန် တို့ဖြစ်ပါတယ်” ဟုဆိုပါသည်။
အထက်ပါ ကရင် ပြည်နယ်စာပေနှင့် ယဉ်ကျေးမှု တိုးတက် ပြန့်ပွားရေးအဖွဲ့၏ ရည်ရွယ်ချက် နှင့် ကရင် ပြည်နယ်နေ့ကို ကျင်းပ ခဲ့ခြင်းသည် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါဝင် ကရင်ပြည်နယ် အတွင်း၌ ရှိသော ကရင်လက်နက်ကိုင် အဖွဲ့ အစည်းများလည်း နှစ်သက် လိမ့်မည့်ဟု ယုံကြည်ကြကြောင်း ဆိုပါသည်။
ယခုနှစ် ပြည်နယ်နေ့ကို နိုဝင်ဘာလ(၆) ရက်နေ့ည နေကတည်းက ကုမ္ပဏီများ၏ ကုန်စည်ပြပွဲများဖြင့် စတင်ကျင်းပခဲ့ ပါသည်။ ပြည်နယ်အစိုးရ ဂေဟာ ကို ပြည်နယ် ဧည့်ရိပ်သာ အဖြစ် ပြောင်းလဲပြီး နိုဝင်ဘာ (၇) ရက်နေ့ မနက်ပိုင်းတွင် ဖွင့်ပွဲကျင်းပ ပေးခြင်းနှင့် ကရင်ပြည်နယ်နေ့ အထိပ်အမှတ် ဟောပြောပွဲများ ကျင်းပခြင်း အပြင် ပျော်ပွဲရွင်ပွဲများကို ဖါးအံမြို့ သီရိကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
နိုဝင်ဘာ (၇)ရက်နေ့ည (၇) နာရီလောက်တွင် ကရင်လူမျိုးတို့၏ ရိုးရာ အစဉ်အလာ ဖြစ်သော ဒုံးယိမ်း အကပြိုင်ပွဲကို ကလေးဒုံး အကပြိုင်းပွဲနှင့် လူကြီးဒုံး အကပြိုင်ပွဲများ ကျင်းပပါသည်။ယခုနှစ်တွင် ဒုံးယိမ်းအက ( ၁၂) ဖွဲ့မှ ယှဉ်ပြိုင် သွားခဲ့ကြပါသည်။
ကရင် ပြည်နယ်နေ့ကို ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင် ကျင်းပသွားပြီး အခမ်းအနားသို့ ပရိသတ်ထောင်ပေါင်း များစွာ တက်ရောက်ကြပါသည်။
ကရင် ပြည်နယ်နေ့နှင့် ပါတ်သက်ပြီး ကရင်ပြည်နယ် ဒုံးယိမ်း ဆရာလည်းဖြစ် ကရင် အဆိုတော်လည်း ဖြစ်သည့် (K ဖိုးခွါး၏ အမြင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
“အခုလို ကရင် ပြည်နယ်နေ့ လုပ်ခြင်းအားဖြင့် ကိုယ့်ပြည်နယ်ကို ပိုပြီးထိန်းသိမ်း ကာကွယ် စောင့်ရှောက်နိုင်မယ် ဆိုတဲ့ အသိစိတ်တွေ ရှိမှာဖြစ် တယ်။ ပြီးတော့ ကိုယ့်ပြည်နယ်မှာ ကိုယ့် ကရင် ပြည်နယ်နေ့ကို ကျင်းပရတဲ့ အတွက် ကရင်ဖြစ် ရတာကို ဂုဏ်ယူမိတယ်။ ကျနော့်အတွေ့ အကြုံအရ ပြောရရင်တော့ ကရင် ပြည်နယ်နေ့ ကတစ်ခြား ပွဲတော်တွေနဲ့ မတူပဲ ကရင်လူထုတွေ အားလုံးရဲ့မျှော်လင့်စရာ အနာဂတ်အိမ်လေး တစ်ခုလေးလိုပါပဲ လို့ပြော ချင်တယ်။
ပြီးတော့ဒီနှစ် ကရင်ပြည်နယ်နေ့က ခါတိုင်းနှစ်နဲ့ မတူဘူး အဝေးရောက် ကရင်တွေလည်း ကရင်ပြည်နယ်နေ့မှာ ပြန်ရောက်လာ သလို အဆိုတော်တွေ အငြိမ့်၊ ဇာတ်ပွဲတွေလဲ လာရောက် ဖျော်ဖြေကြတာ ခါတိုင်းနှစ်နဲ့ကိုမတူဘူး။ ထူးထူးခြားခြားများ လာတယ် ဘယ်လိုပြောရ မလဲဆိုတာကို တောင်ပြောလို့ မတတ်လောက်အောင် ပါပဲ။ ကရင်ပြည်နယ် နေ့မှာ ကရင်လူမျိုး တစ်မျိုးတည်း သာမက တစ်ခြားလူမျိုး တွေလည်း ပူးပေါင်း ဆင်နွှဲကြတယ်လေ။ ၀မ်းသာပီတိဖြစ် တယ်။ နောက်ပြီး ပြည်နယ်အစိုးရရဲ့ အသိမှတ်ပြုတဲ့ ပွဲဖြစ်တဲ့အတွက် အားရကျေနပ် စရာကောင်းသလို ဂုဏ်ယူစရာလည်း အလွန် ကောင်းပါတယ်။”
မှတ်ချက်များ။ ။ကရင်ပြည်နယ်နေ့ (ကော်သူးလေနေ့) ဖြစ်လာပုံသမိုင်း မှတ်ချက်များ။
နိုဝင်ဘာလ (၇)ရက်နေ့သည် ကရင်ပြည်နယ် (ကော်သူးလေ)နေ့ ဖြစ်သည်။ ကရင် ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံမှာ အောက်ပါ အတိုင်း ဖြစ်လေသည်။
ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အပိုဒ် - ၁၈၀(၁) အရ သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ် ပထမအဆင့် သတ်မှတ်ခဲ့သည်။ (၁၉၅၄) ခုနှစ်ဇွန်လ (၁)ရက်နေ့ သို့ ရောက်ရှိပြန်သော အခါသံလွင် ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့် ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့မြို့များနှင့် (၁၉၅၅)ခုနှစ် ဇူလိုင်လ (၁) ရက်နေ့ တွင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ် များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့် ကရင်ပြည်နယ် အုပ်ချုပ်မှုအတွင်း သို. ရောက်ရှိ လာခဲ့သည်။ ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း (၁၁၀၉၁) ဖြစ်သည်။ ကျေးရွာပေါင်း (၄၆၄)ရွာနှင့် လူဦးရေ (၆၀၀၀၀၀) ခြောက် သိန်းခန့် ရှိလေသည်။ (၁၉၅၆) ခုနှစ် ဖေဖော်ဝါရီလ (၂၅)၇က်နေ့တွင် ကျင်းပသော (စုဒ္ဒသမ) ၁၄-ကြိမ်မြောက် ကရင်ပြည် နယ်ကောင်စီ ညီလာခံမှ ကရင်ပြည်နယ်နေ့ သတ်မှတ်ရေး အဆိုကိုတင်သွင်းရန် သတ်မှတ်ခဲ့လေသည်။
ကရင်ပြည်နယ်နေ့ ကို သတ်မှတ်ရာတွင် အောက်ပါ အချက် များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။
(၁) သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ် သတ်မှတ်ပြီး နိုင်ငံတော် သမ္မတက အတည်ပြု လက်မှတ်ထိုး ပေးသောနိုဝင် ဘာလ (၇)ရက်နေ့။
(၂) ဘားအံ၊လှိုင်းဘွဲ့၊သံတောင်မြို့ နယ်များကိုပထမအကြိမ်ကရင်ပြည်နယ် အတွင်းပေါင်းစည်း ခဲ့သည့်ဇွန်လ-၁ရက် နေ့။
(၃) ကြာအင်း ဆိပ်ကြီး၊ကော့ကရိတ်မြို့နယ်များကိုဒုတိယအကြိမ်ကရင်ပြည်နယ် အတွင်းပေါင်းစည်းခဲ့သည့် ဇူလိုင် လ-၁ရက်နေ့။
ဤ သုံးရက်နေ့ကိုကရင်ပြည်နယ်နေ့ အဖြစ်သတ်မှတ်ရန် စဉ်းစားခဲ့ကြရာနိုဝင်ဘာလ (၇)ရက်နေ့ကို ကရင်ပြည် နယ်နေ့ အဖြစ်ရွေးချယ် သတ်မှတ်ခဲ့ကြသည်။
(၁) ဇွန်လ - ၁ရက်နေ့နှင့်ဇူလိုင်လ - ၁ ရက်နေ့တို့သည်မိုးများရွာသောမိုးရာသီရက်များဖြစ်သောကြောင့်အခမ်းနားကျင်းပရန်မသင့်လျော်။
(၂) နိုဝင်ဘာ - ၇ရက်နေ့ သည်ရာသီဥတု သာယာသောဆောင်းရာသီနှင့်နွေရာသီ ဖြစ်သောကြောင့်အခမ်းအနား ကျင်းပရန်ကောင်းမွန်သည်။
(၃) ထိုနေ့ (နိုဝင်ဘာ-၇) တွင်ကရင် ပြည်နယ်နေ့အဖြစ်နိုင်ငံတော် သမ္မတကလက်မှတ် ရေးထိုးခဲ့သည်။ ဤအကြောင်း များကြောင့်နိုဝင်ဘာလ (၇) ရက်နေ့ကိုကရင် ပြည်နယ်နေ့ အဖြစ်သတ်မှတ်၍တရားဝင် ကျင်းပ လာခဲ့ခြင်းဖြစ်သည်။
ရွှေဟင်္သာ

No comments:
Post a Comment