19.1.2014
ယခုအကြိမ် နုတ်ထွက်ခွင့်ရသော ကလေးစစ်သား များတွင် ပြည်သူများ၏ ကြိုးပမ်းမှုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်သို့ တိုင်ကြားချက်ဖြင့် လွတ်မြောက်လာသော စစ်သားများ ပါဝင်ပြီး တပ်မတော်မှ ပြန်လည် နုတ်ထွက်ခွင့် ပြုထားသည့် ကလေးစစ်သား အရေအတွက် ၂၇၀ ကျော်ရှိသွားပြီ ဖြစ်ကြောင်း ကလေးသူငယ်များကို တပ်သားအဖြစ် စုဆောင်းမှုနှင့် အသုံးပြုမှုကို တားဆီး အဆုံးသတ်ရေး လုပ်ငန်းစီမံချက်ကို စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံစာ တင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ CTFMR ၏ ပူးတွဲဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel က ပြောကြားသည်။
“ဒီနေ့ အခမ်းအနားဟာ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” ဟု တပ်မတော်မှ ကလေးစစ်သားများ နုတ်ထွက်ခွင့် ပေးခြင်းအပေါ် ထောက်ခံသည့် အနေဖြင့် ၎င်းကဆိုသည်။
ကလေးစစ်သားများ စုဆောင်းမှု ရပ်ဆိုင်းရန် CTFMR နှင့် တပ်မတော် သဘောတူလက်မှတ် ရေးထိုးသလို မြန်မာနိုင်ငံ အတွင်းရှိ ကလေးစစ်သား စုဆောင်းသည်ဟု ကုလသမဂ္ဂက ကြေညာထားသော အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့်လည်း လက်မှတ် ရေးထိုးခွင့်ရရန် မျှော်လင့်ထားကြောင်း CTFMR သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်သည် အစိုးရသစ် တက်လာပြီး နောက်ပိုင်း ကလေးစစ်သားများကို ၂၀၁၂ ခုနှစ် စက်တင်ဘာတွင် ၄၂ ဦး၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီတွင် ၂၄ ဦး၊၂၀၁၃ ခုနှစ်ဇူလိုင်တွင် ၄၂ ဦး၊၂၀၁၃ ခုနှစ် သြဂုတ်တွင် ၆၈ ဦး နုတ်ထွက်ခွင့်ပေးခဲ့ပြီး ယခုတစ်ကြိမ် နုတ်ထွက်ခွင့် ပေးခြင်းသည် ငါးကြိမ်မြောက် ဖြစ်ပြီး အများဆုံးအကြိမ် နုတ်ထွက်ခွင့် ပြုခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းမှုကို တပ်မတော်သာမက DKBA၊ KIA/KIO၊ KNLA KNLAPC၊ ကရင်နီတပ်ဖွဲ့(KA)၊ SSA-S၊ ဝပြည်နယ် သွေးစီး ညီညွတ်ရေးတပ်ဖွဲ့(UWSA) တို့ကပါ ပြုလုပ်လျက် ရှိကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice Weekly

No comments:
Post a Comment