address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, January 15, 2014

အပစ်ရပ်မူကြမ်း အတည်ပြုမည့် ဘားအံဆွေးနွေးပွဲ ပြည်ထောင်စုနေ့နောက်ပိုင်းအထိ ရွှေ့ဆိုင်းလိုက်


15.1.2014 

ဇန်န၀ါရီနောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်ခဲ့သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ရေးအဖွဲ့ (NCCT)နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့(UPWC)တို့ တွေ့ဆုံကာ တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အတည်ပြုမည့် ဘားအံဆွေးနွေးပွဲကို ရွှေ့ဆိုင်း လိုက်သည်ဟု နှစ်ဖက်အဖွဲ့အစည်းမှ ပုဂ်္ဂိုလ်များက မဇ္ဈိမကို ပြောသည်။

ထိုဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ နောက်ပိုင်းမှသာ တွေ့ဆုံ ရန် NCCT ဘက်က စတင်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး UPWC ၏ ဒု-ဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဘက်ကလည်း ရွှေ့ဆိုင်းရန် သဘောတူညီခဲ့သည်။

“NCCT ကခေါင်းဆောင်တွေနဲ့ ဦးအောင်မင်းနဲ့ ဆွေးနွေးခဲ့တာကို ကျွန်တော် ပြန်ပြောရရင်တော့ ဦးအောင်မင်းက အဲဒီ ဘားအံပွဲကို ရွှေ့ပေးဖို့ သဘောတူလိုက်တယ်။ တိုင်းရင်းသား လက်နက်ကိုင်များ အဖွဲ့ ဒုတိယအကြိမ်ညီလာခံမှာ သဘောတူ ဆုံးဖြတ်တယ်ဆိုပေမယ့် တချို့အချက်တွေက သက်ဆိုင် ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပြန်တင်ပြရတာမျိုး ရှိတယ်လေ၊ အဲဒါကြောင့် အချိန်လိုတယ်ပေါ့၊ ဒါကို ဦးအောင်မင်းက ရွှေ့ပေးဖို့ သဘောတူထားပါတယ်”ဟု ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

NCCT ဘက်က အစိုးရအဖွဲ့နှင့် တွေ့ဆုံရန် ရွှေ့ဆိုင်းရခြင်းသည် ဇန်န၀ါရီလ၂၀ ရက်၌ KNU တပ်မဟာ (၇) ဌာနချုပ်စခန်း လောခီးလာ(ခေါ်) လေးဝါးစခန်းတွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ ဒုတိယအကြိမ်ညီလာခံတွင် အကြေအလည်ဆွေးနွေးရန် ရက်ကြာမြင့်နိုင်သဖြင့် ရွှေ့ဆိုင်းခြင်းဖြစ် သည်ဟု ညီတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့က ဗိုလ်မှူးကြီးခွန်ဥက္ကာ က မဇ္ဈိမကို ပြောသည်။

ထို့ပြင် လောခီးလာ (ခေါ်) လေးဝါးစခန်းတွင် ကျင်းပပြီးသည်နှင့်တစ်ပြိုင်နက် ဘားအံဆွေးနွေးပွဲ တက်ရ မည်ဖြစ်သောကြောင့် NCCT အဖွဲ့တွင်းနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ညှိနှိုင်း ရန်ကိစ္စများရှိနေပြီး အချိန်လိုအပ်သဖြင့် ယခုကဲ့သို့ ဘားအံတွေ့ဆုံပွဲကို ရွှေ့ဆိုင်းရန် လိုအပ်ခြင်းဖြစ် ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့က အမည်မဖော်လို သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အကြား ညှိနှိုင်းဖို့လည်း အချိန်လိုတယ်လေ။ ဒါမှမဟုတ်ရင် တစ်ဆက်တည်းဖြစ်သွားမယ် ဆိုရင် ညှိနှိုင်းချိန်မရရင်၊ အခြေအနေတစ်ခုခု အတိမ်းအစောင်း ဖြစ်သွားမှာ။ ဒါကြောင့် ညှိနှိုင်းချိန် မဖြစ် မနေလိုတယ်”ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ်ညီလာခံကို KNU တပ်မတော် (၇) ရှိ လေးဝါး စခန်းတွင် ဇန်န၀ါရီ ၂၀ ရက်မှစကာ ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အဓိ ကဆွေးနွေးမည်ဖြစ်သည်။ ထိုညီလာခံကို သုံးရက်တာကျင်းပရန် စီစဉ်ထားသော်လည်း ယခင်မှန်းထား သည်ထက် ရက်ပိုမိုကြာနိုင်သည်ဟု ခွန်ဥက္ကာက ပြောသည်။

ထိုဆွေးနွေးပွဲအပြီးတွင် NCCT နှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့က တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အတည်ပြုရန် ဆွေးနွေးမည်ဖြစ်သည်။

လက်ရှိတွင်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် များနှင့် NCCT အဖွဲ့တို့ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဇန်န၀ါရီလ ၁၃ ရက်မှ စတင်ကာ သုံးရက်တာ ကျင်းပနေဆဲ ဖြစ်သည်။

ထိုမတိုင်ခင် ဇန်န၀ါရီလ ၉ ရက်ကလည်း အလားတူ အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပခဲ့ပြီးဖြစ်သည်။

Mizzima

No comments:

Post a Comment