address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, November 12, 2014

မြန်မာပြည်ကို မပြန်ချင်ပါ

ထိုင်းနိုင်ငံ တာ့ခ်နယ်ခရိုင်တွင် ဖြစ်သည်။ ထိုင်းအမှတ် ၁၀၅ အဝေးပြေး ကားလမ်းမကြီးပေါ်တွင် အရှိန်ဖြင့် မောင်းနှင်နေကြသည့် ထရပ်ကားကြီးများကို ကလေးအုပ်စုတစ်စုသည် သွပ်ဆူးကြိုးများ ကာရံထားသည့် ခြံစည်းရိုးမှ ချောင်းကြည့်နေကြသည်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း တာ့ခ်နယ်ခရိုင်ရှိ ကြီးမားသော တောင်တန်းကြီးများ၏ အောက်ခြေတွင် ထောင်ပေါင်းများစွာသော ဝါးတဲလေးများက ပူးကပ်ကျပ်ညှပ်စွာ ဆောက်လုပ်ထားကြသည်။ မယ်လဒုက္ခသည်စခန်းသို့ ဝင်ရောက်လာကြသည့် ထောက်ပံ့ရေး ယာဉ်တစ်စီးကို လုံခြုံရေးအစောင့်များက ရပ်တန့်စေကာ စစ်ဆေးနေသည်ကို ကလေးများက စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ်မှ ရှစ်ကီလိုမီတာခန့် ဝေးသည့်နေရာတွင် ဖွင့်ထားသော ထိုဒုက္ခသည်စခန်း၌ ဒုက္ခသည်ပေါင်း ၄၄,၀၀၀ ဦးခန့် ရောက်ရှိနေကြသည်။ အများစုမှာ ကရင်လူမျိုးများ ဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ကရင်ပြည်နယ်ဘက်မှ ထွက်ပြေး ရောက်ရှိလာကြခြင်း ဖြစ်သည်။


စောကဒူးသည် အသက် ၆၂ နှစ် ရှိပြီဖြစ်သည်။ သူသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် ဒုက္ခသည်များထဲတွင် တစ်ဦးအပါအဝင် ဖြစ်ပြီး ကရင်ပြည်နယ်ဘက်သို့ အစိုးရတပ်များ အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည့် ၁၉၈၄ ခုနှစ်လောက်ကတည်းက ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့သူ ဖြစ်သည်။ သူတို့ မိသားစု ရောက်လာခါစက အခြားစခန်းတစ်ခုတွင် နေထိုင်ခဲ့ရပြီး ၁၉၉၇ ခုနှစ်မှ မယ်လဒုက္ခသည်စခန်းသို့ ရောက်လာကြခြင်း ဖြစ်သည်။ စောကဒူး၏ ဇနီးမှာ စခန်းတွင် ကျောင်းဆရာမတစ်ဦး ဖြစ်သည်။ စလူမိုးထရံကာ အိမ်သေးသေးလေးနှင့်ပင် သူတို့ ဤစခန်းအတွင်း နေထိုင်ခဲ့ကြသည်မှာ ၁၇ နှစ်တိုင် ရှိခဲ့ပြီ ဖြစ်သည်။

“ကျွန်တော်တို့လို ဒုက္ခသည်တွေ အပြင်ထွက်ပြီး အလုပ်ရှာဖို့ နေနေသာသာ အစားအစာတောင် ရှာဖို့ သိပ်မလွယ်တော့ဘူး။ ကျွန်တော်တို့ကို အရင်ကလို စခန်းအပြင်ဘက် ပေးမထွက်တော့ဘူး” ဟု လေးမီတာ ပတ်လည်လောက်သာ ရှိသည့် တဲအတွင်း ထိုင်ရင်း စောကဒူးက ပြောပြသည်။

“ဒုက္ခသည်တွေက တားမြစ်ပိတ်ပင်မှု အသစ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်လာကြတယ်။ ကျွန်တော်တို့ကို ထိုင်းအစိုးရက မကြာခင် ပြန်ပို့တော့မယ်လို့ ပြောသံတွေ ကြားနေရတယ်”

နယ်စပ်တွင် စီမံခန့်ခွဲ အုပ်ချုပ်နေရသည့် အဖွဲ့အစည်းတစ်ခု၏ အဆိုအရ ထိုင်းနယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်း ကိုးခုရှိပြီး၊ နေထိုင်သူ စုစုပေါင်း ၁၂၀,၀၀၀ ဦးခန့် ရှိကြောင်း သိရသည်။ သူတို့သည် ဤနေရာများသို့ မူလအိုးအိမ်များကိုပစ်ပြီး ရောက်လာကြခြင်း ဖြစ်သော်လည်း ဤနေရာတွင် နှစ်ကာလပေါင်း ကြာရှည်စွာ အဘယ်ကြောင့် နေထိုင်နေကြရသနည်း ဆိုသည့် အကြောင်းကိုမူ မသိရဟု ဆိုသည်။

ထိုင်းနိုင်ငံသည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည် ညီလာခံတွင် လက်မှတ်ရေးထိုးစဉ်က ပါဝင်သည့် နိုင်ငံတစ်နိုင်ငံ မဟုတ်ပေ။ သို့သော် ထိုင်းတို့က မြန်မာဒုက္ခသည်များကို ထိုင်းဥပဒေများဖြင့်ပင် အကာအကွယ်ပေးပြီး ထိန်းသိမ်း စောင့်ရှောက်ထားခဲ့ကြသည်။ လက်ရှိ အနေအထားတွင် ထိုင်းနှင့် မြန်မာအာဏာပိုင်များသည် ဒုက္ခသည်များနှင့် ပတ်သက်ပြီး ဥပဒေများဖြင့် တင်းကျပ်လိုက်သောကြောင့် ယခင်ကလောက် လွတ်လပ်မှု မရှိကြတော့ပေ။ စခန်းနေ ဒုက္ခသည်များ၏ နောင်ရေးမှာလည်း ရတက်မအေးဖွယ်ရာ ဖြစ်လာခဲ့ရတော့သည်။

ထိုင်းနိုင်ငံတွင် ပထမဆုံး ဒုက္ခသည်စခန်းကို ၁၉၈၄ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမျိုးစု လက်နက်ကိုင်အုပ်စုများနှင့် အစိုးရစစ်တပ်တို့ တိုက်ခိုက်နေကြသည်မှာ ၁၉၄၉ ခုနှစ် လောက်ကတည်းက ဖြစ်သည်။ ကရင်အမျိုးသားတပ်မတော် (KNU) အနေနှင့် အစိုးရတပ်များကို နှစ်ပေါင်းများစွာ လက်နက်ကိုင်စွဲပြီး တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။ ကရင်တို့သည် လူမျိုးစု လက်နက်ကိုင်သူပုန်များအဖြစ် နှစ်ပေါင်းများစွာ ခံယူပြီး တိုက်ပွဲဆင်နွှဲခဲ့ကြရာမှ ၁၉၈၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်အတွင်း ဒုက္ခသည်ပေါင်း များစွာသည် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့တော့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ခန့်အတွင်း ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းများသည် ကစဥ့်ကလျား ဖြစ်ခဲ့ကြရသည်။ နိုင်ငံတကာမှ အလှူရှင်များသည် ဒုက္ခသည်များအား ထောက်ပံ့ရေး အစီအစဉ်များ များစွာ ပေးခဲ့ရာ၌ ကလေးများအတွက် ကျောင်းပညာရေး၊ ရောဂါပေါင်းစုံ ကာကွယ်ကုသရေးအတွက် ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများလည်း ပါဝင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အနေအထား ပြောင်းလဲလာသည်ဟု ဆိုရမည် ဖြစ်သည်။ စစ်အစိုးရမှသည် အရပ်သားအစိုးရ အမည်ခံပြီး အသွင်ကူးပြောင်းမှုများကို လုပ်ဆောင်လာခဲ့သည်။ မြန်မာနိုင်ငံသည် အပယ်ခံဘဝမှ လွတ်မြောက်လာခဲ့သည်။ နိုင်ငံတကာမှ အလှူရှင်များသည် နယ်စပ်တွင် ရှိနေသော ဒုက္ခသည်များကို ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းလိုက်ပြီး မြန်မာပြည်တွင်းသို့ ကူညီထောက်ပံ့ရန် လမ်းကြောင်းပြောင်းခဲ့ကြသည်။ လူမျိုးစုဆိုင်ရာ ပဋိပက္ခများကား ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် သမ္မတဦးသိန်းစိန်သည် KNU များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးလိုက်တော့သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာသည်နှင့်အမျှ ကရင်လူမျိုးစုတို့အပေါ် ထိုးစစ်ဆင် ရန်လိုတိုက်ခိုက်မှုများလည်း နည်းပါးလာခဲ့သည်။ သို့ဖြစ်ရာ ဒုက္ခသည်များ အနေနှင့် မိမိတို့ မူရင်းဒေသများသို့ ပြန်ကြရန်မှတစ်ပါး အခြားနည်းလမ်း မရှိဟု ဆိုရတော့မည် ဖြစ်သည်။ သို့သော် နောက်ထပ်အချိန်များ ကြာလာခဲ့သော်လည်း ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စမှာ မရေမရာ ဖြစ်နေဆဲ ဖြစ်သည်။

ထိုသို့သော အနေအထားတွင် ဒုက္ခသည်စခန်းများ၏ အနေအထားများကလည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ Border Consortium ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ဒုက္ခသည်စခန်းများကို ထောက်ပံ့နေမှုအား ဖြတ်တောက်လိုက်ကြသည်။ အစားအသောက်များကို ခွဲတမ်းနှင့် ပေးနေခြင်းက ရပ်ဆိုင်းလိုက်သည်မှာ ၂ နှစ်ခန့် ရှိသွားပြီ ဖြစ်သည်။ ဆန်ခွဲတမ်းကို ယခင်က လူတစ်ဦးလျှင် ၁၆ ကီလိုဂရမ် ပေးနေရာမှ၊ ၈ ကီလိုဂရမ်ခန့်သာ ရတော့သည်။ စခန်းကိုးခု ရှိသည့်အနက် ရှစ်ခုသာ တစ်လလျှင် ဆန်ခွဲတမ်း တစ်ကြိမ် ရတော့သည်။ ယခုနှစ် ဇူလိုင်လကစပြီး ထိုင်းအာဏာပိုင်များကလည်း ဒုက္ခသည်များကို ခွင့်ပြုလက်မှတ် မပါဘဲ စခန်း ပြင်ပသို့ ထွက်ခြင်းအား တားမြစ်ပိတ်ပင်လိုက်ပြန်သည်။ ဤကဲ့သို့ စခန်းအပြင် မထွက်ရ အမိန့်မထုတ်စဉ်က ဒုက္ခသည်များသည် ပြင်ပသို့ထွက်ပြီး လယ်ယာခြံများနှင့် စက်ရုံများသို့ ထွက်ကာ အလုပ်အကိုင်များ လုပ်ကိုင်စားသောက် နေခဲ့ကြသည်။ ယခုအခါ စခန်းအပြင် ထွက်ခွင့်များ ပိတ်ပင်လိုက်သောကြောင့် ဒုက္ခသည်များအနေနှင့် ယခင်ကထက် စားဝတ်နေရေးများ ပိုပြီး ကျပ်တည်းလာခဲ့ကြသည်။

“ဒုက္ခသည်တစ်ယောက် အနေနဲ့ အရင်ကလို အပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ခွင့် မရတော့ဘူး။ အခြေအနေတွေက အရမ်းပြောင်းလဲသွားပြီ” ဟု မယ်လဒုက္ခသည်စခန်းမှ ကရင်တစ်ဦးက အခြေအနေ မကောင်းမှုကို ပြောလာသည်။

ယခုလို ဒုက္ခသည်များကို တင်းကျပ်စွာ ချုပ်ကိုင်ထားခြင်းနှင့် ထိုင်း-မြန်မာအစိုးရများအကြား တွေ့ဆုံ ဆွေးနွေးနေမှုများသည် တစ်ပြိုင်တည်းလိုလို တိုက်ဆိုင်စွာ ဖြစ်ပေါ်လာသောကြောင့် ဒုက္ခသည်စခန်းများ၏ အနာဂတ်အရေးမှာ ရင်မအေးဖွယ်ရာ ဖြစ်လာခဲ့ရသည်။ ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်သည့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အမိန့်တစ်ခုတွင် ထိုင်းစစ်ဗိုလ်ချုပ်ကြီး ပရာရုသ်ချန်အိုချာနှင့် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးမည် ဆိုသည့် အချက်တစ်ချက် ပါရှိသည်။ ထိုသို့ ထုတ်ပြန်ထားချက်အရလည်း နှစ်နိုင်ငံ စစ်ခေါင်းဆောင်များသည် တွေ့ဆုံဆွေးနွေးပြီး ဖြစ်သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ထိုဒုက္ခသည်များကို ဂုဏ်သိက္ခာ ရှိစွာဖြင့် လွှဲပြောင်းပေးနိုင်ရေးအတွက် ပြင်ဆင်နေသည်ဆိုသည့် အချက်များ ပါရှိကြောင်း သိရသည်။

ကုလသမဂ္ဂ၏ ကြီးကြပ်လမ်းညွှန်မှုအောက်တွင် ဒုက္ခသည်များကို ဘေးကင်းလုံခြုံစွာ လွှဲပြောင်းပေးအပ်ရန် လိုအပ်ပြီး သို့မှသာ ဒုက္ခသည်များ အနေနှင့်လည်း ဂုဏ်သိက္ခာရှိရှိ မိမိတို့ နေရပ်များသို့ ပြန်သွားနိုင်ကြပေလိမ့်မည်။ ထိုင်းနိုင်ငံ အစိုးရကမူ နိုင်ငံတကာ စည်းမျဉ်းများကို လိုက်နာပြီး ဒုက္ခသည်များကို ၎င်းတို့နေရပ်သို့ အတင်းအကျပ် ပြန်မပို့ပါဟု ဆိုထားသည်။ လက်ရှိ နယ်စပ်ရှိ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် ကူညီထောက်ပံ့ရေး လုပ်သားများကမူ ယခုလို တင်းကျပ်သော စည်းမျဉ်းများထုတ်ပြီး တားမြစ်ချုပ်ချယ်နေခြင်းမှာ ဒုက္ခသည်များကို ထွက်သွားစေပြီး မိမိတို့ နေရပ်သို့ ပြန်ရန်ကလွဲ၍ အခြားရွေးချယ်စရာ မရှိသကဲ့သို့ ဖြစ်နေသည်။ သူတို့ နေ့စဉ် နေထိုင်စားသောက်ရန်မှာ စခန်းအတွင်း ဆက်နေပါက အခြေအနေမကောင်းဟု ဆိုလာကြသည်။

“အခုဖြစ်လာတာတွေက ကျွန်မတို့ကို အိမ်ပြန်ကြရအောင် ဖိအားတွေ ပေးနေသလို ဖြစ်နေတယ်။ အစားအစာ အလုံအလောက် မရှိရင် ဖျားနာလာမယ်။ ကုစရာ ဆေးလည်းမရဘူး။ ကလေးတွေလည်း ကျောင်းမသွားနိုင်တော့ဘူး။ ဒါကြောင့် အသက်ဆက်ပြီး ရှင်ချင်ရင် စခန်းက ထွက်သွားဆိုတဲ့ သဘော ဖြစ်လာတယ်” ဟု ကရင်အမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှူး နော်ကညော်ဖောက ဆိုသည်။

မယ်လစခန်းတွင် လုပ်ကိုင်နေကြသည့် ကရင်အလုပ်သမားတစ်ဦးက ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များ အနေနှင့် ထွက်ခွာသွားကြရန်က လွဲပြီး ရွေးချယ်ရန် အခြားနည်းလမ်း မရှိသော်လည်း မြန်မာနိုင်ငံသို့ ပြန်မည်ဆိုပါလျှင် အခွင့်အလမ်းများ နည်းပါးလှကြောင်း ပြောရှာသည်။ သူက-
“ကျွန်တော်တို့ ရိက္ခာခွဲတမ်းတွေ မရတော့ဘူး။ တဖြည်းဖြည်း ဖြတ်တောက်တာတွေ များလာပြီ။ ဒီလိုလုပ်တာ ဒုက္ခသည်တွေကို နှင်လွှတ်နေတာနဲ့ အတူတူပဲ” ဟု ဆိုသည်။

ထိုင်းနယ်စပ်တွင် ဖြစ်ပျက်နေသည့် အနေအထားတွေကလည်း မကောင်းဟု ဆိုရမည်။ UNHCR အဖွဲ့မှ အကြီးတန်း ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီမှ အရာရှိတစ်ဦးဖြစ်သူ အီရန်ဟော၏ အဆိုအရ ထိုင်းနိုင်ငံနယ်စပ်ရှိ မဲဆောက်မြို့ အချို့သော ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်သွားကြပြီဟု သိရသည်။ သူက-
“ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေ အိမ်ပြန်နေကြတာ တွေ့နေရတယ်။ ဘာမှကြေညာလို့လည်း မဟုတ်ဘူး။ သူတို့ကို ဘယ်သူကမှလည်း လာပြီး ခေါ်တာမဟုတ်ဘူး။ အခြေအနေက ပြန်မှ ဖြစ်တော့မယ်ဆိုပြီး ပြန်နေကြတာ။ ဒါပေမဲ့ အများစုကတော့ ခုချိန်ဟာ ပြန်ရမယ့်အချိန် မဟုတ်သေးဘူးလို့ ဆိုကြတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အနေအထားအရ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်နေပြီ ဆိုသော်လည်း နယ်စပ်ဒေသ တစ်ဝိုက်တွင်ကား အခြေအနေက မတည်မငြိမ် ဖြစ်နေဆဲပင်။ အစိုးရသည် နိုင်ငံတစ်ဝန်းလုံးတွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရာတွင် KNU အဖွဲ့လည်း ပါဝင်ကြောင်း တွေ့ရသည်။ သို့သော် တိုင်းရင်းသားလူနည်းစုများ နေထိုင်သော ဒေသများတွင် စစ်တပ်က အခိုင်အမာ တပ်စွဲထားမှုများ ရှိနေသေးသည်။ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်များတွင် ငြိမ်းချမ်းသွားပြီဟု မဆိုနိုင်သေးပေ။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြသည့် နေရာများ ရှိနေသေးသည်။ စက်တင်ဘာ ၉ ရက်နေ့တွင် မြန်မာ ကင်းလှည့်တပ်ဖွဲ့ တစ်ဖွဲ့ကို KNU အဖွဲ့က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၂၇ ရက်နေ့တွင်လည်း မြဝတီမြို့ဆင်ခြေဖုံးတွင် မြန်မာစစ်တပ်က သူပုန်များကို တိုက်ခိုက်နှိမ်နင်းခဲ့ရသေးသည်။

၁၉၈၀ မှသည် ၁၉၉၀ ပြည့်နှစ်များအတွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် ရွာပေါင်း ၃,၇၀၀ ကျော် ပျက်စီးခဲ့ရသည်။ မြန်မာနိုင်ငံ အရှေ့ဖျားဒေသများတွင် မြေမြှုပ်မိုင်းများ မရှင်းရသေး။ လယ်ယာမြေများတွင် စိုက်ပျိုးစားသောက်နေထိုင်ရန် ဆိုသည်မှာလည်း မရေရာလှပေ။ လူ့အခွင့်အဖွဲ့များ၏ အစီရင်ခံစာအရ တိုင်းရင်းသား လူနည်းစုများအပေါ်တွင် နှိပ်စက်မှုများ ရှိနေဆဲဖြစ်သည်။ မုဒိမ်းမှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ၊ ပစ်ခတ်မှုများလည်း ပြုလုပ်နေဆဲ ဖြစ်သည်။

UNHCR အဖွဲ့မှ ဗီဗီယန်တန်၏ အဆိုအရ မြန်မာနိုင်ငံသည် ပြန်ရောက်လာမည့် ဒုက္ခသည်များ အားလုံးကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်မည့် အနေအထားတွင် မရှိသေးဟု ဆိုသည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ရယူနိုင်ခြင်းကလည်း မရေရာသည့်အပြင်၊ အပြီးအပိုင် အပစ်အခတ်ရပ်စဲမှုများ မပြုလုပ်နိုင်သေးသောကြောင့် ဒုက္ခသည်များ ပြန်လာလျှင်လည်း သူတို့နေထိုင်ရမည့် ဒေသများတွင် အခက်အခဲ တွေ့နိုင်သည်။ ထိုဒေသများတွင် မြေမြှုပ်မိုင်းများကို မရှင်းပေးနိုင်သေးခြင်းနှင့် ၎င်းတို့ နေထိုင်မည့် အရပ်ဒေသများတွင် လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည့် အနေအထားတွင် မရှိသေးဟု ဗီဗီယန်က ဆိုသည်။

ထိုင်းနိုင်ငံ အာဏာပိုင်များကမူ ဒုက္ခသည်များ ပြန်ကြခြင်းသည် လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးကို အခြေခံပြီး မိမိတို့အနေနှင့် ခွင့်ပြုကြောင်း ထပ်ကာတလဲလဲ ပြောနေကြသည်။ စောကဒူးကမူ မြန်မာနိုင်ငံသို့ ပြန်သွားလျှင် သူ့မိသားစု ရင်ဆိုင်ရမည့် အရေးနှင့် ပတ်သက်ပြီး ရတက်မအေးသောကြောင့်-
“ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံကို မပြန်သေးဘူး။ တိုက်ပွဲတွေ ပြန်ဖြစ်လာလိမ့်ဦးမယ် ထင်တယ်။ ငြိမ်းချမ်းရေး တကယ်မရနိုင်သေးဘူး” ဟု ပြောရှာသည်။
သူက- “ကျွန်တော်တို့ ဘဝတွေ ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူး။ ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲ” ဟု နောက်ဆုံး ပြောလိုက်သည်။

အယ်ဒီတာတစ်ဦး
Ref: We Cannot Go Back to Myanmar, by Henry Zwartz
The Voice

No comments:

Post a Comment