address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, November 2, 2014

လိပ်ကျွန်းလူသတ်မှုမှ လွတ်မြောက်အောင် ကြိုးပမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးခံမြန်မာ တောင်းဆို




2.11.2014

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နှစ်ဦး အသတ်ခံရမှု၌ ပြစ်မှုကျူးလွန်ခြင်း မရှိဘဲ ဖမ်းဆီးခံထားရသဖြင့် ပြန်လည်လွတ်မြောက်ရေးအတွက် အတတ်နိုင်ဆုံး အကူအညီပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးခံ မြန်မာနှစ်ဦးအနက် တစ်ဦးဖြစ်သူ ဇော်လင်းက တောင်းဆိုလိုက်သည်။

ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးနှင့် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့တို့ ကော့စမွီအကျဉ်းထောင်တွင် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါအရေး လိုက်ပါဆောင် ရွက်နေ သူ ဦးထူးချစ်က ဆိုသည်။လိပ်ကျွန်း လူ သတ် မှု အ မှန်တကယ် ကျူးလွန်ခြင်းမရှိဘဲ ဖမ်းဆီးခံထားရသဖြင့် အကူအညီပေးရန် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့မှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသည်ဟု ပြောဆိုသူ ဇော်လင်းက တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံးမှ အထူးဖွဲ့စည်းထားသည့် ကော်မတီ၏ တောင်းဆိုချက်ကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် သံခြေချင်းများကို ပြန်လည်ဖြုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဦးထူးချစ်က ပြောဆိုသည်။

အဆိုပါ မြန်မာနှစ်ဦးအမှုကို လိုက်ပါဆောင်ရွက်ပေးရန် မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ထိုင်းရှေ့နေများကောင်စီကို အောက်တိုဘာလ ၂၉ ရက်နေ့က တရားဝင် အမှုအပ်နှံခဲ့ပြီး ထိုင်းရှေ့နေများ ကောင်စီကလည်း အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးမည်ဟု ကတိပေးထားကြောင်း မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးမင်းဦးက ပြောကြားသည်။
လိပ်ကျွန်းလူသတ်မှုတွင် ပါဝင်နိုင်သည်ဟု သံသယဖြစ်ခံရသူ လိပ်ကျွန်းသူကြီးသား၏ မျိုးရိုးဗီဇ (DNA) နှင့် ဗြိတိန်အမျိုးသမီးထံမှ ရရှိသည့် DNA ကိုက်ညီမှုမရှိဟု ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Pol Lt Gen Prawut Thawornsiri က ပြောဆိုကြောင်း နိုဝင်ဘာလ ၁ ရက်နေ့ Bangkok Post သတင်းတွင် ဖော်ပြသည်။

လိပ်ကျွန်းသူကြီး၏သား အသက် ၂၂ နှစ်အရွယ် Warot Tuwichian ၏ သွေးနှင့် တံတွေးမျိုးရိုးဗီဇကို ထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံ ချူလာလောင်ကွန်း၊ siriraj၊ ramathibodi ဆေးရုံတို့တွင် စစ်ဆေးခဲ့ရာ မျိုးရိုးဗီဇရလဒ် အားလုံးသည် ကိုက်ညီမှုမရှိကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
လိပ်ကျွန်းသူကြီး သားဖြစ်သူနှင့် မြန်မာနှစ်ဦးကို မျိုးရုံးဗီဇ စစ်ဆေးရာတွင် ဗြိတိန်အမျိုးသမီးထံမှ ရရှိသည့် မျိုးရိုးဗီဇနှင့် အစစ်ခံရသူများထံမှ ရရှိသည့် မျိုးရိုးဗီဇ နှစ်ခုလုံးမှာ အမှန်တကယ် ဟုတ် မဟုတ် မသိနိုင်သဖြင့် မွေးခွန်းထုတ်စရာ အခြေအနေ ဖြစ်နေကြောင်း လိပ်ကျွန်းလူသတ်မှုအရေး စောင့်ကြည့်နေသူများက သုံးသပ်သည်။

The Voice Weekly

No comments:

Post a Comment