address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, October 19, 2014

KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် တွေ့ဆုံခြင်း




18.10.2014

ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပါဝင်သည့် ကော်သူးလေတပ်မတော် (Kawthoolei Armed Forces – KAF) ဖွဲ့စည်းကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့က ကြေညာချက်ကြောင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် တစ်ဖွဲ့ချင်းစီအကြား ခွဲရေးတွဲရေး စိုးရိမ်ချက်များအပြင် တပ်မတော်နှင့် ကရင်လက်နက်ကိုင်များအကြား ဆက်ဆံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလားအလာများနှင့် ပတ်သက်၍ မေးခွန်းများ ရှိလာသည်။
ယင်းနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ကို ကိုယ်စားပြုသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယအဖွဲ့ ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် The Voice တို့ တွေ့ဆုံ မေးမြန်းထားသည်များမှ ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice- ကေအေအက်ဖ် ဖွဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဟုတ်တယ်။ မဟုတ်ဘူး အမျိုးမျိုး ပြောနေကြတာနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တစ်ဦး အနေနဲ့ ရှင်းပြစေချင်ပါတယ်။

PKHW- ၁၃ ရက်နေ့က ပြန်လည်စုစည်းတယ် ဆိုတဲ့ သဘောတူညီ ကြေညာချက်ထုတ်တယ်။ အဲ့ဒီ ထုတ်တဲ့နေရာမှာ ကျွန်တော်တို့ဆီကို အသိပေးတာ မဟုတ်ဘူး။ အဖွဲ့အစည်းက မသိဘူး။ ကြေညာချက်ထွက်မှ တွေ့လိုက်တာ။ စစ်ဦးစီးချုပ်လည်း မသိဘူး။ KPC (KNU/KNLA – PC) လည်း မသိဘူး။ ကျွန်တော်တို့ ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့တွေ ပြန်လည်စုစည်း ညီညွတ်ဖို့ ၁၅ ကြိမ်မြောက် KNU ကွန်ဂရက် သဘောထားရှိတယ်။ ဒါကို သဘောထား ဆုံးဖြတ်ချက် ချရတာကလည်း တစ်ချိန်တုန်းက လက်နက်ကိုင်တပ်ဖွဲ့ အကုန်လုံး လိုလိုသည် KNU ရဲ့ လက်အောက်မှာ ရှိတဲ့ KNLA လက်နက်ကိုင် တပ်မတော်တစ်ခုတည်းရဲ့ အောက်မှာဖြစ်တယ်။

ဒါပေမဲ့ တချို့အဖွဲ့တွေကျတော့ အမြင်မတူတာပဲ ဖြစ်ဖြစ် ဘာသာရေး အယူဝါဒကြောင့် ဖြစ်ဖြစ် ပထမဦးဆုံး ခွဲထွက်တာက DKBA ပေါ့။ တစ်ဖက်ကလည်း အဲ့ဒီခေတ်တုန်းက အခွင့်အရေးတွေ မမျှတမှုအပေါ်မှာ မူတည်ပြီးတော့ အထူးသဖြင့် ဗုဒ္ဓဘာသာ ကရင်လက်နက်ကိုင် ခေါင်းဆောင်အချို့ ဗဟိုကော်မတီ အဆင့်တော့ မဟုတ်ဘူး၊ တပ်မဟာတချို့ အထူးသဖြင့် ဘာသာရေးအရ တရားမျှတမှု မရှိတဲ့အမြင်နဲ့ တစ်ဖက်မှာ အဲ့ဒီအချိန် အစိုးရက လက်သိပ်ထိုးတဲ့ ကိစ္စတွေလည်း ပါမှာပေါ့။ တိုက်ပွဲတွေပြန်ဖြစ် မာနယ်ပလော ကျတယ်။ အဲ့ဒီမှာ သူတို့က ခွဲထွက်ပြီးတော့ အစိုးရတပ်နဲ့ ပေါင်းသွားတယ်။

ဒုတိယတစ်ပိုင်းကတော့ KPC။

၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်မြ ရှိတုန်းက တွေ့ဆုံဆွေးနွေးရေး လုပ်တယ်။ အဲ့ဒီမှာ သဘောတူညီမှု မရခဲ့ဘူး။ Gentlemen Agreement ဆိုတဲ့ လူကြီးလူကောင်းပုံစံ အပစ်အခတ်ရပ်စဲရေးကို လုပ် ဆောင်ခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုမှ အကောင်အထည်ဖော်လို့ မရဘူး။ နောက်ပိုင်းမှာ တိုက်ပွဲက မူလအတိုင်းပဲ ပြန်ဖြစ်တယ်။ ဒီကြားထဲမှာ တွေ့ဆုံဆွေးနွေးရေး ပြန်ဖြစ်ဖို့ စစ်အစိုးရခေတ်မှာ တပ်မတော်က လုပ်တယ်။ အဓိက တာဝန်ယူတာ ဗိုလ်ချုပ်မြထွန်းဦး။ အဲ့ဒီနောက်ပိုင်း တပ်မဟာ (၇) မှူး ဗိုလ်ချုပ်ထိန်မောင်က ဗိုလ်ချုပ်မြ မသေခင် ငြိမ်းချမ်းရေးအတွက် ဆက်ပြီးကြိုးစားပါလို့ တာဝန်ပေးတယ် ဆိုပြီးတော့ သူကဗဟိုရဲ့ ဦးဆောင်မှုကို မခံယူဘဲ တွေ့ဆုံပြီးတော့ KNU/KNLA Peace Council ဆိုပြီး အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့ ခွဲထွက်သွားတယ်။ နှစ်ဖွဲ့ ဖြစ်သွားတာပေါ့။ နောက် DKBA ကလည်း အဲ့ဒီမှာ ပြန်နေတဲ့အခါ တိုက်ပွဲတွေကလည်း ရှိနေသေးချိန်ဆိုတော့ တချို့လူထုတွေက အခွန်အကောက်တို့ ပေါ်တာဆွဲတာတို့ ကင်းလွတ်ဖို့ DKBA ထဲ ဝင်ရင်တော့ သက်သာရာ သက်သာကြောင်း ရမှာပဲဆိုပြီး သွားပြီး လက်တွဲတာတွေ ရှိတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ပေါ့လေ။ အဲ့ဒီမှာ သူ့တပ်အင်အား ရှိတာပေါ့။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုတဲ့နောက်ပိုင်း ရွေးကောက်ပွဲ လုပ်ခါနီးချိန်နဲ့ လုပ်ပြီးတဲ့နောက်ပိုင်း အစိုးရသစ်လည်း စဖွဲ့တဲ့အချိန်မှာ တပ်မတော်ဆိုတာ တစ်ခုတည်း ရှိရမယ်၊ အပစ်ရပ်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ Border Guard Force – BGF (နယ်ခြားစောင့်တပ်) လုပ်ရင်လုပ်၊ မလုပ်ရင် ပြည်သူ့စစ်အသွင် ဆောင်ရမယ် ဆိုပြီးတော့ လုပ်လာတယ်။ အဲ့ဒီမှာ DKBA ထဲမှာ အမြင်တချို့ ကွဲသွားတယ်။ တချို့က လက်မခံဘဲ ပြန်ပြီး တိုက်ပွဲဝင်ရင် လူထုပဲ နစ်နာမယ် ဆိုပြီးတော့ BGF အနေနဲ့ လက်ခံတယ်။ တချို့ပြောသလို အပစ်ရပ်ကာလမှာ သူတို့တည်ထောင်ထားတဲ့ စီးပွားရေးထိခိုက်မှာ စိုးတဲ့အတွက် ဆိုတာလည်း ရှိတာပေါ့။ အဲ့ဒီမှာ တချို့ကလည်း လက်မခံနိုင်ဘူးဆိုတော့ တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ မူလ DKBA ကနေ BGF ဖြစ်သွားတာ ရှိတယ်။ DKBA အဖြစ်ပဲ ကျန်နေသူတွေလည်း ရှိတယ်။
အဲ့လိုနဲ့ BGF ဆိုပြီး လက်နက်ကိုင်တပ်ဖွဲ့ ထပ်တိုးလာပြန်ရော။ အဲ့ဒီမှာ DKBA ထဲမှာမှ ကရင်ငြိမ်းချမ်းရေးဆိုတဲ့ အဖွဲ့ဆိုတာလည်း ရှိသေးတယ်။ ဖဒိုအောင်ဆန်းတို့ အဖွဲ့ပေါ့။ နောက်ပြီးတော့ မွန်ပြည်နယ်ဘက်မှာ တစ်ဖွဲ့ ရှိသေးတယ်။ ကရင်ငြိမ်းချမ်းရေးအဖွဲ့ပဲ။ အဲ့ဒီလိုနဲ့ ကရင်ပြည်နယ်ထဲမှာကို ကရင်လက်နက်ကိုင် အဖွဲ့က အနည်းဆုံး လေးဖွဲ့လောက် ဖြစ်နေတယ်။ အကြီးဆုံးကတော့ KNU အောက်မှာရှိတဲ့ KNLA ပေါ့လေ။ KNU ရဲ့ အောက်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့က နှစ်ခုရှိတယ်။ KNLA ဆိုတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ KNDO ဆိုတဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ဆိုပြီး ရှိတယ်။ KNDO က ဖွဲ့တာ ကြာလှပြီ။ များသောအားဖြင့် ကျေးရွာမှာ KNDO ဆိုတာ ရှိတယ်။ သဘောက အမျိုးသားကာကွယ်ရေး အတွက်ပေါ့။ ခုနောက်ပိုင်း တပ်ရင်းအလိုက် ဖွဲ့လိုက်ရင် တစ်ခရိုင်မှာ တပ်ရင်းတစ်ခု။ အဲ့ဒီလို အနေအထားမှာ ဦးဆောင်မှုက သတ်သတ်လို ဖြစ်နေကြတယ်။ KNU အောက်မှာ KNLA၊ KNDO ရှိတယ်။ BGF က အစိုးရစစ်တပ်ရဲ့ ဦးဆောင်မှုအောက်က ကရင်အမျိုးသားတပ်ဖွဲ့ ဖြစ်တယ်။ နောက်တစ်ဖွဲ့က DKBA ဆိုတဲ့ တိုးတက်တဲ့ ကရင်ဗုဒ္ဓဘာသာအဖွဲ့။ ပြီးတော့ PC ဆိုတဲ့ အဖွဲ့ရှိတယ်။ လေးဖွဲ့ရှိတယ်။

လွန်ခဲ့တဲ့ အချိန်တုန်းက ဆိုလို့ရှိရင် BGF နဲ့ DKBA ကလည်း တစ်ခါတလေ တိုက်ကြတယ်။ BGF နဲ့ KNU လည်း တိုက်တယ်။ ဒါပေမဲ့ ဒီလိုဖြစ်တာကို PC က ဘယ်သူ့ဘက်မှ မလိုက်ဘူး။ ဒါပေမဲ့ PC ထဲမှာလည်း အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ပြီးတဲ့နောက်ပိုင်း ဒီ ငြိမ်းချမ်းရေးဆိုတဲ့ အဖွဲ့အစည်းရဲ့အောက်မှာ တချို့ အခွင့်အရေးသမားတွေလည်း ဝင်လာတာ ရှိတာပေါ့။ အစိုးရကလည်း တစ်ဖက်မှာ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရပ်တည်နိုင်ဖို့ စီးပွားရေး လုပ်ပိုင်ခွင့်ပေးတာ ရှိတာကိုး။ တချို့က နိုင်ငံရေး ဦးတည်ချက်၊ စီးပွားရေး ဦးတည်ချက်နဲ့ လာပေါင်းတာ ရှိတယ်။ လက်နက်ကိုင် ပဋိပက္ခက ကရင်အချင်းချင်းမှာကို စစ်ပွဲတွေက အမျိုးမျိုးစုံ နေတယ်။ အစိုးရစစ်တပ်နဲ့ တိုက်ပွဲနဲ့ ကရင်လက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ တိုက်ပွဲဆိုတော့ လူထုက မလိုလားဘူး။ ကျွန်တော်တို့လည်း မလိုလားဘူး။ အဲ့ဒီအတွက် KNU ၁၅ ကြိမ်မြောက် ကွန်ဂရက်ကနေ ကရင့်လက်နက်ကိုင် တပ်ဖွဲ့တွေ ညီညွတ်ရေးကို လုပ်ဆောင်တဲ့ ကော်မတီ ဖွဲ့လိုက်တယ်။ ဒီကော်မတီကို ကျွန်တော်တို့ စစ်ဦးစီးချုပ်က ဥက္ကဋ္ဌ၊ နောက်ပြီး တပ်မဟာမှူးတွေ အကုန်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်ဖြစ်နေတာ စစ်သားတွေပဲ များသောအားဖြင့် ဖြစ်တာကိုး။ အဲ့ဒီမှာ ဒုစစ်ဦးစီးချုပ်လည်း ပါတယ်။ သူက ကော်မတီရဲ့ ဒုအဖွဲ့ ခေါင်းဆောင်။ အတွင်းရေးမှူးက ဘားအံခရိုင် ဥက္ကဋ္ဌ။ တခြားတပ်မှူးတွေ ပါသလို ဖဒိုမန်းငြိမ်းမောင်တို့လည်း ပါတယ်။

အဲ့ဒီလို KNU ကနေ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ စည်းလုံးညီညွတ်ရေး ကော်မတီဆိုတာ ဖွဲ့လိုက်တော့ သူတို့က ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ အကုန်လုံးနဲ့ တွေ့ဆုံပြီးတော့ ဒီလိုလုပ်လို့ မရဘူး၊ နားလည်မှုတော့ တည်ဆောက်ရမယ်။ ခုက ဦးဆောင်မှု သတ်သတ်ရှိပေမယ့် လက်နက်ကိုင်အချင်းချင်းမှာ ပဋိပက္ခဖြစ်ရင် နာတာက ပြည်သူလူထုပဲ။ ဒါကြောင့် နားလည်မှု ရှိရမယ်၊ ပြဿနာဖြစ်ရင် နယ်မြေ ပြဿနာပဲဖြစ်ဖြစ် ဖြစ်လာရင် အကြမ်းဖက်နည်းနဲ့ မရှင်းဘဲ တွေ့ဆုံဆွေးနွေးရေး လုပ်မယ်ဆိုပြီး လုပ်ကြတယ်။

နောက်ဆုံးတော့ ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီ ဆိုပြီးတော့ အကုန်လုံး ထပ်စုလိုက်တယ်။ အဲ့ဒီမှာ ဗိုလ်ချုပ်ဂျော်နီ၊ BGF အဖွဲ့တွေ၊ DKBA၊ PC စသည်ဖြင့် ပေါင်းပြီးတော့ ကော်မတီ ဖွဲ့လိုက်တယ်။ အဲ့ဒီအဖွဲ့တွေက ကရင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါး ပြဿနာကို တပ်နဲ့ ခေါင်းဆောင်တွေ ပေါင်းပြီး နယ်လှည့်ပညာပေးမှုတွေ လုပ်တယ်။ သုံးစွဲရောင်းဝယ်တာတွေ ရှိရင်လည်း တာဝန်ယူ ဆောင်ရွက်မယ်ဆိုပြီး အဆင့်ဆင့် လုပ်ခဲ့ကြတယ်။ အဲ့ဒီလို လုပ်တဲ့အခါ လူထုကလည်း ဝမ်းသာတယ်။ ပဋိပက္ခတွေဖြစ်ရင် သူတို့ပဲ ဒုက္ခရောက်တာ။ လူထုက ဒါကိုကြည့်ပြီး ပိုလိုချင်တာက လက်နက်ကိုင် တစ်ဖွဲ့တည်း ဖြစ်ရေး။ ဒါပေမဲ့ KNU မှာ မြင်တာက လက်ရှိအနေအထားမှာ တစ်ဖွဲ့တည်း ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အနေအထားလို့ မြင်တယ်။ သူ့အဖွဲ့အစည်း သူ့ဦးဆောင်မှု သတ်သတ်စီ ဆိုတော့ သေချာစီစဉ်ပြီး လုပ်မှရမယ်။ အဲ့ဒီလို တစ်ချိန်တည်းမှာ ဒုစစ်ဦးစီးချုပ်က သူ့ရဲ့စစ်ရေးအမြင်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ စုစည်းညီညွတ်မှု ဆိုတာ သူလက်ခံတယ်၊ ဒါကို တစ်ဖက်က သူနဲ့ဆက်သွယ်ပြီး လုပ်တဲ့အပေါ်မှာ ခုထွက်လာတဲ့ ပြန်လည်ပေါင်းစည်းရေး ကြေညာချက်အပေါ်မှာ သူတို့ လက်မှတ်ထိုးလိုက်တယ်။ ကျွန်တော် သိရသလောက်တော့ လက်မှတ်မထိုးခင် ဒါလုပ်မယ်ဆိုတာ စစ်ဦးစီးချုပ်ကို တင်ပြတယ်။ သို့သော် သူတင်ပြတဲ့ အချက်တွေက ခုထုတ်ပြန်တဲ့ ကြေညာချက်လို မဟုတ်ဘူး။ နောက်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက် ဘာမှ အသေအချာ မလုပ်ရဘဲနဲ့ ထုတ်ပြန်ချက် ထုတ်လိုက်တဲ့အပေါ်မှာ တစ်ဖက်က အမြင်မှားသွားတယ်၊ သုံးတဲ့ စကားလုံးအပေါ်မှာ အမြင်မှားသွားတာမျိုး ဖြစ်ပါတယ်။
ဒီကိစ္စကို ကျွန်တော်တို့ ခုလာမယ့် ဗဟိုကော်မတီ အစည်းအဝေးမှာ ထည့်ပြီး ဆွေးနွေးသွားမှာ ဖြစ်တယ်။ မူလရည်ရွယ်ချက်က စည်းလုံးညီညွတ်ဖို့ ဆိုတာ ရှိတယ်။ ဒီလို ပြန်လည်ပေါင်းစည်းဖို့ ဆိုတဲ့ အနေအထားထိတော့ ဘာမှ အစီအစဉ် မရှိသေးဘူး။ မူမချရသေးဘူး။

Voice- ဒါဆို KAF မှာ KNLA နဲ့ KNDO ခေါင်းဆောင်နှစ်ဦး လက်မှတ်ထိုးထားတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဗဟိုကော်မတီမှာ ညှိမှာပေါ့။ ဘယ်လိုမျိုး ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ် ဆိုတာလည်း သိချင်ပါတယ်။

PKHW- ဟုတ်တယ်။ သူတို့ ဘာလို့ လုပ်ဆောင်လဲဆိုတော့ အဓိက ညီညွတ်ရေးအတွက် ဦးတည်တာ ဖြစ်တယ်။ ဒုတိယအချက်က သုံးတဲ့စကားလုံး အသုံးအနှုန်းအပေါ်မှာ မူတည်တယ်။ ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီး သဘောတော့ မဟုတ်ဘူး။ ဘယ်လို ပံ့ပိုးရမလဲဆိုတဲ့ အပိုင်းလည်း ပါတယ်။ နိုင်ငံရေး ဦးတည်ချက်လည်း ပါတယ်။ ဒါပေမဲ့ သုံးတဲ့စကားလုံးက ခု ခေတ်စားနေတဲ့ တစ်ဖွဲ့ကိုထိရင် တစ်ဖွဲ့ကလည်း ပါမယ်ဆိုတာမျိုး။ လက်တွေ့မှာက တော်တော်ခက်ပါတယ်။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ တစ်ဖက်နဲ့ တစ်ဖက် မပြောနဲ့။ ကိုယ့်အဖွဲ့တွင်းမှာတောင် တပ်မဟာတစ်ခုမှာ စစ်ဆင်ရေးတွေ ရှိလာပြီဆိုရင် ဝိုင်းပြီးတော့ ကူတာတွေ ဘာတွေ တော်တော်လုပ်နိုင်တဲ့ အနေအထား မရှိပါဘူး။ ကိုယ့်အနေအထားနဲ့ကိုယ် ထိန်းနေရတာ။

Voice- KAF ပေါ်လာတဲ့ အပေါ်မှာ ဒီလိုအဖွဲ့မျိုးကို ကရင်ပြည်သူ အများစုက လိုလားတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ကြားရတော့ KNU က ဘယ်လို ဆုံးဖြတ်သွားမှာလဲ။ ကရင်လူထုကိုရော ဘာတွေ ရှင်းပြဖို့ ရှိပါသလဲ။

PKHW- ဖြစ်စေချင်တဲ့ ဆန္ဒကတော့ အကုန်လုံးမှာ ရှိပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ ကွဲလို့ရှိရင်လည်း သူ့ရဲ့ အုပ်ချုပ်မှု သူ့ရဲ့ပေါ်လစီတွေက တစ်ယောက်တစ်မျိုး ဖြစ်ရင် ဒေသတစ်ခုတည်းမှာ လူထုကို ဘုရင်လေးပါး အုပ်စိုးတာမျိုးဆိုရင် လူထုအတွက် ဘယ်လွယ်မလဲ။ တစ်ဖွဲ့တည်းဆိုရင် ကောင်းတာပဲ။ ခုက ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ ပေါ်လစီ တစ်ယောက်တစ်မျိုး ဆိုတော့ လူထုအတွက် တော်တော် အခက်အခဲဖြစ်မယ်။ လူထုက လက်နက်ကိုင် တစ်ဖွဲ့တည်း ဖြစ်ဖို့ လိုချင်တာပေါ့။ လူထုက ဒါကို ထောက်ခံတယ်။ ကျွန်တော်တို့ကလည်း ဒါကိုငြင်းတာ မဟုတ်ဘူး။ ဒါပေမဲ့ လုပ်တဲ့နေရာမှာ တက်တက်ကြွကြွ စည်းလုံး ညီညွတ်မှု ဖော်ပြဖို့လိုတယ်။ ဒုတိယအချက် ခုသွားတဲ့ နိုင်ငံရေးလမ်းကြောင်းကို အထောက်အကူဖြစ်တဲ့ လုပ်ဆောင်မှု ဖြစ်ရမယ်ဆိုရင် ကျွန်တော်တို့ လက်ခံတယ်။

Voice- ညီညွတ်ရေးမူ ရှိတယ်ဆိုတဲ့ အနေအထားမှာ လက်ရှိဖွဲ့လိုက်တဲ့ KAF ကို KNU က လက်ခံလား လက်မခံဘူးလား။ ၁၅ ကြိမ်မြောက် ကွန်ဂရက် ဆုံးဖြတ်ချက်နဲ့ ဘယ်လိုကွဲလွဲမှုမျိုး ရှိပါသလဲ။

PKHW- ဆုံးဖြတ်ချက်မှာ ဘယ်လိုပေါင်းစည်းမယ် ဆိုတဲ့အခါ ပေါင်းစည်းနည်းက အမျိုးမျိုး ရှိတယ်လေ။ တကယ်လို့ KNU ကို လာပေါင်းတာမျိုးဆိုရင် တပ်ဖွဲ့တွေက KNLA အောက်မှာပဲ လာရမှာပဲ။ အမှန်အားဖြင့် ပြောရရင် လက်နက်ကိုင် တပ်ဖွဲ့တွေက စစ်ရေးအရ ကွဲတယ်။ နိုင်ငံရေးမှာ မိခင်အဖွဲ့အစည်း ဖြစ်တဲ့ KNU ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ခံယူမယ် ပြောတယ်။ ဒါပေမဲ့ ဒီလက်နက်ကိုင် တပ်ဖွဲ့တွေကို ဘယ်လိုစုစည်းမလဲ။ ခုက စစ်ဦးစီးချုပ် အကုန်လုံး ရှိနေတော့ စစ်ဦးစီးချုပ်ကို တစ်ယောက်ထားမှာလား။ ဘယ်လိုထားမလဲဆိုတာ ဘာမှ ညှိနှိုင်းဆောင်ရွက်မှု မရှိသေးဘဲနဲ့ ဒါကို (ကြေညာချက်) ထုတ်လိုက်ခြင်းအားဖြင့် ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတဲ့ကိစ္စက ဘာမှရေရေရာရာ မရှိသေးတဲ့ သဘောပဲ။

Voice- ဒီလို တပ်ဖွဲ့ ဖွဲ့ခဲ့ရင် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

PKHW- ပြောရရင် အစိုးရမှာလည်း လွန်ခဲ့တဲ့ အစိုးရ လုပ်ဆောင်ချက် အားနည်းတာကြောင့်လည်း ဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့တွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖြစ်နေတော့ တွေ့ဆုံဆွေးနွေးတဲ့အခါ အဖွဲ့အများနဲ့ တွေ့နေရတယ်။ တစုတစည်းတည်း ဖြစ်ရင် အစိုးရအနေနဲ့ ဆွေးနွေးရတာ ပိုပြီးတော့ လွယ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စုစည်းမှုက ငြိမ်းချမ်းရေးအတွက် ဖြစ်ရမယ်။ KNU က ခုသွားနေတဲ့ နိုင်ငံရေးလမ်းစဉ်ကို အထောက်အကူ ဖြစ်ရမယ်။

Voice- ကရင်လက်နက်ကိုင်တွေ ကြားမှာလည်း အဖွဲ့ကွဲတွေ အမျိုးမျိုးနဲ့ ဆိုတော့ နောင်မှာ ဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ ဘယ်လို စဉ်းစားထားတာမျိုး ရှိပါသလဲ။

PKHW- ပြန်လည်ပေါင်းစည်းဖို့က တစ်ဆင့်ပြီး တစ်ဆင့် သွားရမယ့်ကိစ္စ။ သေသေချာချာ ပြန်လည်ပေါင်းစည်းမယ် ဆိုရင် စာရွက်နဲ့ ပေါင်းလို့မရဘူး။ ခုက ဗိုလ်ချုပ်တွေလည်း အများကြီးပဲ။ တချို့ ဗိုလ်မှူးကြီးတွေလည်း ရှိတယ်။ ဒီရာထူး ဒီအဆင့်အတန်းတွေနဲ့ တစ်ဖွဲ့တည်း ဖြစ်တဲ့အခါ ခင်ဗျား ဗိုလ်မှူးကြီးကိုဖြုတ် ဗိုလ်မှူးကလေးပဲ ပြန်လုပ်ဆိုရင် လက်ခံနိုင်မလားပေါ့။ ဒါတွေက အကုန်လုံး ညှိရမယ့် ကိစ္စတွေ။ ခုကတော့ ဆန္ဒပိုင်းနဲ့ လုပ်တဲ့သဘော ဖြစ်တယ်။ လက်တွေ့ပိုင်းမှာ အကောင်အထည် ဖော်မယ်ဆိုရင် လုပ်နည်းလုပ်ဟန်က သေချာလုပ်ရမယ့် ကိစ္စဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံရေး ဦးတည်ချက်ကို အထောက်အပံ့ ဖြစ်မယ့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရမယ်။

Voice- အစိုးရဘက်က ပြောတာရှိတယ်။ တချို့ အစိုးရတပ်နဲ့ လက်နက်ကိုင်အကြား ပြဿနာတွေက လက်နက်ကိုင်တွေမှာလည်း အောက်ခြေက စည်းကမ်းမလိုက်နာလို့ ဖြစ်ရတာ။ အဖွဲ့ချင်းအလိုက် ဖြစ်တာမျိုး မဟုတ်ဘူးလို့ ပြောတယ်။ အဲ့ဒါ ဟုတ်ပါသလား။

PKHW- ကျွန်တော် လက်ခံပါတယ်။ တကယ်တမ်း ဖြစ်တဲ့အခါ ဒီအဖွဲ့အစည်းက အပေါ်ကနေပြီး စစ်ဆင်ရေး ပြန်လုပ်ပါဆိုတဲ့ ညွှန်ကြားချက် ပေါ်လစီ မရှိပါဘူး။ ခုဖြစ်နေတာတွေက အကျိုးစီးပွား ထိခိုက်မှုကြောင့် ဖြစ်တာ များနေတယ်။ နောက် ပြဿနာ ဖြစ်လာပြီဆိုရင် လက်နက်ကိုင်နည်း၊ အကြမ်းဖက်နည်းနဲ့ပဲ ရှင်းမယ်ဆိုရင် ဒါမဖြစ်သင့်တဲ့ကိစ္စ။ ခုဖြစ်နေတာက အဖွဲ့အစည်းအလိုက် ဖြစ်တာ မဟုတ်ဘူး၊ မှန်တယ်။ နှစ်ဖက်လုံးပေါ့။ ကျွန်တော်တို့ မှားတာ ရှိသလို သူတို့ (အစိုးရ) မှားတာလည်း ရှိပါတယ်။ ခုက အမျိုးမျိုး ပြောကြတာပေါ့။ စိုးရိမ်မှုတွေ ရှိနေကြတယ်။ တိုက်ပွဲသံတွေ ပျောက်နေပြီးသား ခုမှ အသံလေး ပြန်ပေါက်လာတော့ တစ်ခါမှ မကြားဖူးတဲ့အသံက ထူးဆန်းနေသလို ဖြစ်နေတာ။ ကြားနေကျ လူတွေက သိပ်မထူးဆန်းဘူး ပြောရမယ်။

Voice- ဒီနောက်ပိုင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်က အကဲဆတ်ပွိုင့်ကို ရောက်လာတော့ အစိုးရ၊ တပ်မတော်တို့နဲ့ ဆက်ဆံရေး ကောင်းလှတယ်ဆိုတဲ့ KNU အနေနဲ့ လက်ရှိငြိမ်းချမ်းရေးကို ဘယ်လို သုံးသပ်ထားပါသလဲ။

PKHW- ငြိမ်းချမ်းရေးက တကယ်လိုလိုလားလား နားလည်မှု ရှိရှိနဲ့ ညှိနှိုင်းမယ်ဆို ဘာမှ အခက်အခဲမရှိဘူး ထင်တယ်။ ဒါပေမဲ့ ကျွန်တော်မြင်တာ တစ်အချက်က ညှိနှိုင်းဘက် နှစ်ဖက်မှာ NCCT-UPWC မှာ ဆုံးဖြတ်ပိုင်ခွင့် နှစ်ဖက်လုံးမှာ မရှိနေဘူး။ ကျွန်တော်တို့နောက်မှာ အဖွဲ့အစည်း ခေါင်းဆောင်တွေ ရှိတယ်။ တစ်ဖက်မှာလည်း အလားတူပဲ။ ဒီခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်မှုက အဓိကကျတယ်။ ဆွေးနွေးတဲ့အချိန်မှာ ငြိမ်းချမ်းရေး တကယ်လိုချင်ကြတယ်လို့ ခံစားမိပါတယ်။ နောက်တစ်ခုက လွန်ခဲ့တဲ့ အနှစ် ၆၀ ကျော်ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ အချိန်မှာ တစ်ဖက်နဲ့ တစ်ဖက် အနိုင်ရယူဖို့ လုပ်တတ်သမျှ လမ်းနဲ့ လုပ်ကြတာပဲ။ နောက်ပြီး တစ်ဖက်နဲ့ တစ်ဖက်မှာ ပညာပေးမှု၊ သွန်သင်မှုတွေက မုန်းတီးဖို့အတွက် နားလည်မှု လွဲဖို့အတွက်၊ တစ်ဖက်ကို မဟုတ်တမ်းတရား ပြောတာတွေ ဒါတွေဟာ ကျွန်တော်တို့ အထဲမှာ စွဲလမ်းနေကြတယ်။ ရှေ့ဆက်သွားဖို့ကျ စိတ်ထဲမှာ ရှိတာနဲ့ ဆန္ဒရှိတာ မတူဘူး။ ဒါကလည်း နှောင်ကြိုး အခက်အခဲ တစ်ခုပဲ။ ခုပြန်ကြည့်တော့ ညှိရမယ့် အချက်တွေက သံသယစိတ်ပေါ်မှာ အခြေခံပြီး ညှိကြတော့ ဒီကစပြီး ရှေ့ဆက်သွားဖို့ရာမှာ စနိုင်ဖို့ အခက်အခဲ ဖြစ်နေတာ။ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ လူထုအတွက်၊ တိုင်းပြည်အတွက် တကယ်ကြည့်မယ်ဆိုရင် ညှိနှိုင်းဖို့ အခက်အခဲ မရှိပါဘူး။

Voice- ခု အပစ်အခတ်ရပ်စဲရေး အဆင့်မှာ ကြာနေတာ ဘာကြောင့်လဲ။ ဘာတွေလိုနေလို့ ဒီလို တန့်နေရတာလဲ သိချင်ပါတယ်။

PKHW- ငြိမ်းချမ်းရေးကို သွားတဲ့အခါ တစ်ဖက်နဲ့ တစ်ဖက် ခြေလှမ်းတွေကို သံသယစိတ်နဲ့ ကြည့်နေတော့ ခု KAF လုပ်တဲ့ ပုံစံမျိုး၊ တစ်ခါ UNFC က ကြေညာချက် ထုတ်လိုက်တာမျိုး ဆိုရင်ဟာ Union Army ပဲ ဖွဲ့ပြီးတော့ တစ်ပြည်လုံးကို သိမ်းမှာလားဆိုတဲ့ စိတ်အစွဲတွေ ဖြစ်နေတာ။ တကယ်တမ်း နှစ်ပေါင်း ၆၀ ကျော်မှာ ဘယ်လိုပဲ အော်ကြအော်ကြ ဘယ်နှနှစ်အတွင်း အနိုင်တိုက်ရေးဆိုတာ ချလာခဲ့တာ ကျွန်တော် မမွေးခင်ကတည်းက ကြားဖူးတယ်။ ဘာမှလည်း ဖြစ်မလာဘူး။ အဲ့ဒါ သံသယစိတ်နဲ့ ဟိုဘက်က နည်းနည်းတင်လိုက်၊ ဒီဘက်က နည်းနည်းတင်လိုက်နဲ့ သူက နည်းနည်းကြောလိုက် ကိုယ်က နည်းနည်းကြောလိုက်နဲ့ အဲ့ဒါဖြစ်နေတာ။ တကယ်တမ်း နားလည်မှုရှိရှိနဲ့ လုပ်ရင် ဘာမှ အခက်အခဲ မရှိဘူး။

Voice- နောက်ဆုံးအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး KNU အဖွဲ့က ဘယ်လိုဆက်သွားမယ် ဆိုတာ ဆုံးဖြတ်ထားတာ ရှိရင် သိပါရစေ။

PKHW- ငြိမ်းချမ်းရေးကတော့ ကျွန်တော်တို့က အပစ်အခတ်ရပ်စဲရေး လုပ်လာတဲ့ အဖွဲ့ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို သွားရမှာပဲ။ ဒါအခြေခံ ပြဿနာပဲ။ လက်နက်ကိုင် ပဋိပက္ခ ဖြစ်တာလည်း ဒီနိုင်ငံရေးကြောင့်ပဲ ဆိုတော့ တရားမျှတမှု မရှိတာ၊ လွတ်လပ်မှု မရှိတာ၊ ဒါတွေအပေါ်မှာ၊ နောက်ပြဿနာက ကရင်တစ်မျိုးသားတည်း ဖြစ်နေတာ မဟုတ်ဘူး။ တိုင်းရင်းသား အကုန်လုံး ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်တယ်။ မြန်မာပြည် တစ်ပြည်လုံး ပြည်သူပြည်သားတွေ ခံစားနေရတဲ့ ပြဿနာ ဖြစ်တော့ ခုကျွန်တော်တို့ ပြောနေတဲ့ တွေ့ဆုံဆွေးနွေးရေး သဘောတူညီချက်မှာပါတဲ့ အကုန်လုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုနဲ့ နိုင်ငံရေး ပြဿနာကို ရှင်းချင်တယ်။ ခုလက်ရှိ ပူးပေါင်း ဆောင်ရွက်နေတဲ့ NCCT လည်း ကြိုးစားဆောင်ရွက်တဲ့ နေရာမှာ အခက်အခဲ ရှိတယ်။ ဘက်နှစ်ဖက်လို့ ဆိုပေမယ့် တစ်ဖက်တည်းမှာကို တစ်ဖွဲ့တည်း မဟုတ်ဘူး ဖြစ်နေတယ်။ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှာဆို ဘက်တစ်ဖက်တည်း မဟုတ်ဘူး။ သုံးဖက်ဖြစ်နေတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုပြီး ဘက်သုံးဖက် ဖြစ်နေတယ်။ ကျွန်တော်တို့ NCCT မှာလည်း ဘက်က ၁၆ ဖက် ဖြစ်နေတယ်။ အဲ့ဒီ ၁၆ ဖက်မှာ တစ်ဖက်နဲ့ တစ်ဖက် တစ်ခါတလေ အမြင်တူချင်မှလည်း တူမယ်။ ဒီလို အခက်အခဲမျိုးပေါ့။ ခုကတော့ NCCT အနေနဲ့ ဆက်လက်ပြီး ကြိုးစားသွားမယ်။ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ရနိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးမှု အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆက်ကြိုးစားသွားမှာပဲ။ အခြားတိုင်းရင်းသား အဖွဲ့တွေနဲ့ အကုန်လုံးပေါ့။

ကော်သူးလေတပ်မတော် (Kawthoolei Armed Forces – KAF) ဖွဲ့စည်းကြောင်း ထုတ်ပြန် ကြေညာခဲ့သည့် အဖွဲ့အစည်းများကို တွေ့ဆုံရန် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

နော်ကိုကို
The Voice Weekly 

No comments:

Post a Comment