address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, October 20, 2014

ကေအန်ယူက ယူအန်အက်ဖ်စီနှင့် ဆက်လက်တွဲပါ – မန်းအော်လန်ဒို



20.10.2014

ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီအဖွဲ့ဝင်အဖြစ် ဆက်လက်ပူးပေါင်းရပ်တည်ဖို့ သြစတြေးလျအခြေစိုက် နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး (အိုင်ကေအို) က တိုက်တွန်းပါတယ်။


ပြီးခဲ့တဲ့ ယူအန်အက်ဖ်စီ ညီလာခံကနေ ကေအန်ယူကိုယ်စားလှယ်အဖွဲ့ ထွက်ခွာခဲ့ပြီး အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ထားတာပါ။ လာမယ့် အောက်တိုဘာ ၂၃ ရက်နေ့ကျရင်တော့ ကေအန်ယူခေါင်းဆောင်တွေအစည်းအဝေးမှာ ကေအန်ယူအနေနဲ့ ယူအန်အက်ဖ်စီမှာ အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိသင့်၊ မရှိသင့် ဆွေးနွေးပြီး ဆုံးဖြတ်ကြဖို့ ရှိပါတယ်။

အိုင်ကေအိုအဖွဲ့ဟာ နိုင်ငံတကာရောက် ကရင်လူထုအဖွဲ့အစည်းတွေ စုပေါင်း ဖွဲ့စည်းထားတာ ဖြစ်ပြီး ယူအန်အက်ဖ်စီညီလာခံကနေ ထွက်ခွာပြီး အဖွဲ့ဝင်အဖြစ်ကနေ ယာယီ ရပ်ဆိုင်းလိုက်တာဟာ  ကရင်အမျိုးသားအစည်းအရုံးရဲ့ အစဉ်အလာနဲ့ တန်ဖိုးတွေကို ပျက်ယွင်းစေတယ်လို့ အိုင်ကေအိုရဲ့ ပြောခွင့်ရသူ မန်းအော်လန်ဒို (Mahn Orlando) က ပြောပါတယ်။

အိုင်ကေအိုရဲ့ ပြောခွင့်ရ မန်းအော်လန်ဒိုကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အိုင်ကေအို ပေါ်ပေါက်လာပုံနဲ့ ဘာကြောင့် ကေအန်ယူကို ယူအန်အက်ဖ်စီအဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်ဖို့ တိုက်တွန်းတာလဲ။

“ကျနော်တို့ အိုင်ကေအို ပေါ်ပေါက် လာခြင်းကတော့ အခြေအနေအရပ်ရပ်ရဲ့ လိုအပ်မှုကြောင့် တကြောင်းပေါ့နော်။ ကျနော်တို့ နိုင်ငံတ ကာရောက် လူမှုအဖွဲ့အစည်း အသီးသီးကလည်း သဘောထားတူညီ ချက်အပေါ်မှာ မူတည်ပြီးတော့ ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ဗမာပြည်မှာ လုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ကျနော်တို့ စိုးရိမ်မှုအများကြီး ဖြစ်လာပါတယ်။ အခု ထုတ်ပြန်ချက်ထုတ်ခြင်းဟာ ကေအန်ယူရဲ့ မူလတန်ဖိုး၊ အစဉ်တစိုက် ကိုင်စွဲထားတဲ့မူကို သွေဖည်ပြီးတော့ ယူအန်အက်ဖ်စီကနေ လက်ရှိ ခေါင်းဆောင်တစုဟာ ယူအန်အက်ဖ်စီ ညီလာခံကနေ ထွက်သွားပြီးတော့ ယာယီ ရပ်ဆိုင်း ထားတယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အားလုံး ယူကျုံးမရနဲ့ ၀မ်းနည်းပက်လက် ဖြစ်ရတယ်။ အံ့လည်း အံ့သြမိတယ်။

“ဘာကြောင့်လဲဆိုတော့ အဲဒီအခြေခံက ကေအန်ယူရဲ့ သမိုင်းတလျှောက်လုံးမှာ  ကေအန်ယူဟာ တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေးဆိုတဲ့မူကို အမြဲ ကိုင်စွဲခဲ့တယ်။  ကိုင်စွဲခဲ့သလို ဦးလည်း ဦးဆောင်ခဲ့တယ်။ တက်တက်ကြွကြွလည်း ပါဝင်ခဲ့တယ်။ တပ်ပေါင်းစု အင်အားကြီးလာအောင်လည်း အမြဲတမ်း လုပ်ဆောင်ခဲ့တယ်။ အဲသလို လုပ်ဆောင်ခဲ့တဲ့ အတွက်ကြောင့် ကေအန်ယူရဲ့ အတွေ့အကြုံရင့်ကျက်မှု၊ အမြော်အမြင် ကြီးမားမှုကြောင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေက ယုံကြည်အားကိုးပြီးတော့ တပ်ပေါင်းစုမှာ အမြဲတမ်း ခေါင်းဆောင်နေရာကို အရွေးခံပြီးတော့ တာဝန်ပေးခြင်းခံခဲ့ရတယ်။ အခုအချိန်မှာ အဲဒီတပ်ပေါင်းစုကနေ တကယ် ၀ါရင့်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ ကျနော်တို့ ကေအန်ယူဟာ ညီလာခံ လုပ်ရင်းနဲ့ကို မပြီးပြတ်သေးဘဲနဲ့ အကျေအလည် ပြဿ     နာတွေ မဆွေးနွေးရသေးခင်မှာ ထွက်သွားတယ်ဆိုတဲ့ကိစ္စက  တကယ့်ကေအန်ယူရဲ့ လုပ်ရိုးလုပ်စဉ် value တွေ မဟုတ်ဘူး၊ တန်ဖိုးတွေ မဟုတ်ဘူး။ ဒီလို ကလေးဆန်တဲ့လုပ်ရပ်ကြောင့် ကျနော်တို့ကလည်း  ၀မ်းနည်းပက်လက်နဲ့ စိုးရိမ်တကြီးဖြစ်လာတဲ့အပေါ်မှာ ဒီ ကေအန်ယူက ယူအန်အက်ဖ်စီက ထွက်တာကို မထွက်ပါနဲ့လို့ တိုက်တွန်းရင်းနဲ့ ထုတ်ပြန်ချက်ကို ထုတ်ပါတယ်။ ယူအန်အက်ဖ်စီကို ပြန်ဝင်ဖို့ပါ။”

ကေအန်ယူက အခုလို ယာယီ ထွက်ထားတယ်ဆိုရင် ရလဒ်အားဖြင့် ဘာတွေရှိမလဲ။ မူလအတိုင်း ပြန်လည် ပေါင်းစည်းရင် ဘယ်လိုမျိုး ရလဒ်တွေ မြင်မယ်လို့ မြင်ပါသလဲ။

“ကျနော်တို့ မြင်တာက ကရင်တော်လှန်ရေးကာလပဲ ရှိသေးတယ်။ အခုရှိနေတဲ့အချိန်ဟာ တော်လှန်ရေးကာလပဲ ဖြစ်တယ်။ ကရင်အမျိုးသားတွေအတွက်။ ဘာဖြစ်လို့လည်းဆိုတော့ မတရားမှု၊ ဖိနှိပ်မှု။ အဲဒါ အားလုံးရဲ့အောက်မှာ ကျနော်တို့ အခုထက်ထိ ခံနေရတုန်းပဲ ဖြစ်တဲ့အတွက်ကြောင့် အဲဒီ မတရားမှုတွေကို ထပ်တော်လှန်တဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့် အင်အားကြီးတဲ့၊ နိုင်ထက်စီးနင်းလုပ်တဲ့အုပ်စုကို ပြန်ပြီးတော့ အနိုင်ယူဖို့အတွက်ဟာ တပ်ပေါင်းစုတခုရှိမှပဲ ဖြစ်မှာ ဖြစ်ပါတယ်။ အကယ်၍သာ အဲဒီတပ်ပေါင်းစုသာ မရှိဘဲနဲ့ တဖွဲ့ချင်း တဖွဲ့ချင်းဆိုရင် ဟိုတုန်းကလိုပဲ ၀ါးအစည်းပြေသလို၊ တဖွဲ့ချင်း တဖွဲ့ချင်းဖြစ်ရင် နွားကွဲရင် ကျားကိုက်တယ်ဆိုတဲ့ တဖွဲ့ချင်း တဖွဲ့ချင်းသာဆို ရန်သူက  ဖဲ့စားသွားမှာပဲ။ အဲဒါကို စိုးရိမ်တဲ့ အတွက်ကြောင့် ဒီလိုတော့ မလုပ်ပါနဲ့။ တော်လှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ဘ၀တူ တိုင်းရင်းသားအချင်းချင်း  လက်တွဲပြီးတော့ လက်တွဲမဖြုတ်စတမ်း တိုင်းရင်းသာတွေအားလုံး လိုလားတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို တည်ထောင်ဖို့အတွက်ကို လက်တွဲသွားဖို့ မျှော်မှန်းတာပါ။ အကယ်၍ ပြန်ပေါင်းရင် အင်အားအနေနဲ့ ပိုကောင်းလာမယ်။ စစ်အစိုးရအနေနဲ့ လက်ရှိအစိုးရအနေနဲ့လည်း ပိုပြီး လေးစားလာမှာ ဖြစ်ပါတယ်။”

ကေအန်ယူထိပ်ပိုင်းခေါင်းဆောင်တွေဟာ လာမယ့် အောက်တိုဘာ ၂၃ ရက်နေ့ကျရင် ယူအန်အက်ဖ်စီမှာ ဆက်လက်ရှိမလား။ အပြီးထွက်မလားဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ကြမယ်လို့ သိထားပါတယ်။ ဒီအစည်းအဝေးတက်မယ့် ကေအန်ယူခေါင်းဆောင်တွေကို ဘာပြောချင်ပါ သလဲ။

“အခု ကျနော်တို့ ကြေညာချက်ပါအတိုင်းပါပဲ။ ကျနော်တို့ခေါင်းဆောင်တွေအားလုံးကို ကျနော်တို့ ချစ်ပါတယ်။ ကရင်တမျိုးသားလုံးရဲ့ဆန္ဒ၊ ကရင်တမျိုးသားလုံးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ရရှိဖို့အတွက် ဒီခေါင်းဆောင်တွေက ဖော်ဆောင်သွားဖို့ ကျနော်တို့ လိုလားပါတယ်။ တော်လှန်ရေးကာလ အောင်ပွဲ မခံသေးခင်၊ ရည်ရွယ်ချက် မရောက်သေးခင်မှာ လက်တွဲဖြုတ်ပြီးတော့ ကိုယ့်ဖာသာ ကိုယ်ရရာလေး၊ အခွင့်အရေးလေးနဲ့ပဲ တင်းတိမ် သွားမယ်ဆိုရင် ကျနော်တို့ ကေအန်ယူရဲ့ သမိုင်းဟာ မြန်မာ့တော်လှန်ရေးသမိုင်းမှာပေါ့လေ၊ အမည်းစက်ကြီးတခုအဖြစ် မှတ်တမ်းတင်ခံရမယ်။ ကျနော်တို့ တရားခံ မဖြစ်စေချင်ဘူး။ ကရင်တမျိုးသားလုံးကလည်း အဲဒါကို မဖြစ်စေချင်တဲ့အတွက်ကြောင့် ကျနော်တို့ ဆန္ဒတွေက ပြန်လည် လက်တွဲပြီးတော့ နဂို လုပ်ဆောင်တဲ့အတိုင်း ဆက်လက်ပြီးတော့ လက်တွဲမဖြုတ် ဆက်လက် လုပ်ဆောင်ပါလို့ ကျနော်တို့က တိုက်တွန်းရခြင်းဖြစ်ပါတယ်။”

ပြည်ပရောက် ကရင်လူမျိုးတွေတင်မကဘဲ ပြည်တွင်းက ဧရာဝတီ၊ ပဲခူးနဲ့ ကရင်ပြည်နယ် စတဲ့ဒေသတွေက ကရင်တိုင်းရင်းသားတွေကရော ယူအန်အက်ဖ်စီကနေ ယာယီ ဆိုင်းငံ့တဲ့အပေါ် ဘာကြားသိရလဲ။ သူတို့ ရင်ထဲမှာ ဘယ်လိုရှိလဲ။

“ကျနော်တို့နဲ့ ဆက်သွယ်ပြောဆိုတဲ့ အဖွဲ့အစည်းတွေပေါ့။ အဆက်အသွယ်ရှိတဲ့ အဖွဲ့အစည်းတွေ အားလုံးက ယူအန်အက်ဖ်စီက နုတ်ထွက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး စိတ်မကောင်းကြတာ တွေ့ရတယ်။ ကျနော်တို့ အဖွဲ့အစည်း ဖွဲ့ရခြင်းအကြောင်းကလည်း သူတို့ရဲ့ဆန္ဒ အများကြီး ပါပါတယ်။ ပြည်တွင်းကရောနဲ့ တော်လှန်ရေးဒေသကပါ ပြည်သူလူထုတွေကရော၊ နိုင်ငံတကာရောက် ကရင်ပြည်သူတွေရဲ့ ဆန္ဒအားလုံး ပါပါတယ်။ ဒီဟာက ဘာလဲဆိုတော့ ပြောရရင် ကျနော်တို့ရဲ့တန်ဖိုး၊ ကေအန်ယူရဲ့တန်ဖိုး၊ ကရင့်တော်လှန်ရေးသမိုင်းနဲ့ ကရင့်တော်လှန်ရေးရဲ့ အခြေခံ မူဝါဒလမ်းစဉ်နဲ့ လွဲဖယ်ပြီးတော့ လုပ်ဆောင်မှုတခုအဖြစ် မြင်တဲ့အတွက်ကြောင့် ကျနော်တို့အားလုံး စိတ်ပူရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ အစီအစဉ်နဲ့  တော်လှန်ရေးရဲ့ မူအတိုင်း ဆက်လုပ်ဖို့ ကျနော်တို့ အဲဒါကို ပြန်ပြီးတော့ အားပေးပြီးတော့၊ တိုက်တွန်းပြီးတော့  မေတ္တာရပ်ခံခြင်းပဲ ဖြစ်ပါတယ်။

“ဒါပေမယ့် ထုတ်ပြန် ကြေညာချက်မှာလည်း ပြောပါတယ်။ အကယ်ရွေ့သာ ဒီဟာနဲ့ ဆန့်ကျင်ပြီးတော့ ကေအန်ယူရဲ့ မူလတန်ဖိုးနဲ့ ခွဲပြီးတော့ အခြေခံလမ်းစဉ်၊ မူလလမ်းစဉ်နဲ့ ခွဲပြီးတော့ ဆုံးဖြတ်ချက်တခုခု လုပ်မယ်ဆိုရင် ကျနော်တို့ နိင်ငံတကာရောက် ကရင်ပြည်သူတွေရဲ့ ထောက်ခံမှုကို ရမှာ မဟုတ်ဘူး။ အဲဒီတော့ ရပ်တည်မှု မှန်တဲ့ ကေအန်ယူခေါင်းဆောင်တွေနဲ့ တပ်မှူးတပ်သားတွေ အားလုံးဘက်မှာ ကျနော်တို့ ရပ်တည်ပြီးတော့ ဒီမြန်မာပြည်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ရရှိရေးအတွက် ဆက်လက်ပြီးတော့ ပြည်တွင်း၊ ပြည်ပနဲ့ နယ်စပ်ရှိတဲ့ ကရင်ပြည်သူ၊ လူမှုအဖွဲ့အစည်းအသီးသီးကို လည်းကောင်း။ ဒါအပြင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစု၊ တိုင်းရင်းသာ နိုင်ငံရေးပါတီအဖွဲ့အစည်းနဲ့ လူမှုအဖွဲ့အစည်းတွေ အားလုံးနဲ့ ကျနော်တို့ လက်တွဲပြီးတော့ ဒီဟာကို လုပ်သွားမှာဖြစ်ပါတယ်။  ကျနော်တို့ ဘာလုပ်နိုင်သလဲဆိုတော့ lobby လုပ်မယ်၊ advocacy campaign လုပ်မယ်။ နိုင်ငံတကာအစိုးရတွေကိုလည်း ဒီလက်ရှိ ရှိနေတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်ဟာ ပွင့်လင်းမြင်သာမှု မရှိဘူး၊ မရိုးသားဘူး။ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ဟာကို ကျနော်တို့က lobby လုပ်မှာဖြစ်ပါတယ်။”

ကော်သူလေးတပ်မတော်နဲ့ ပတ်သက်လို့ သဘောထားပေးပါ။

“ကျနော်တို့ သဘောထားကတော့ ဟိုတုန်းက အကွဲကွဲအပြားပြား ဖြစ်ခဲ့တဲ့ ကရင်တွေ စုပေါင်းပြီးတော့ ပြန်လည် လက်တွဲတယ်ဆိုတဲ့ဟာက အပေါင်းလက္ခဏာတခုပဲ ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့က ၀မ်းပန်းတသာ ကြိုဆို ထောက်ခံပါတယ်။ ကျနော်တို့ သဘောထားကတော့ ဒီပေါင်းစည်းမှုဟာ ဘာကြောင့်ဖြစ်လာသလဲဆိုတော့ အစိုးရစစ်တပ်ရဲ့ နိုင်ထက်စီးနင်း ရန်စကလူပြုမှုကြောင့် ဒီလိုပြန်ပြီး လက်တွဲလာရခြင်း ဖြစ်တယ်။ ဒီလက်တွဲတာက ယာယီမဟုတ်ဘဲနဲ့ ရေရှည် ခိုင်ခိုင်မြဲမြဲလက်တွဲပြီးတော့ ကျနော်တို့ မျှော်မှန်းချက်နဲ့ ကရင်တမျိုးသားလုံးရဲ့ မျှော်မှန်းချက်ဆုံးခန်းတိုင် ရရှိရေးအတွက် လက်တွဲသွားဖို့ ဆန္ဒပြုပြီးတော့ တိုက်တွန်းထားတာ ရှိပါတယ်။”

ယူအန်အက်ဖ်စီကို ပြည်တွင်းပါတီတွေ ထောက်ခံတာ ရှိတယ်။ ဒီအခြေအနေမှာ ယူအန်အက်ဖ်စီထဲက အင်အားများတဲ့ ကေအန်ယူက အပြီးထွက်မယ်ဆိုရင် ဘာသက်ရောက်မှု ရှိနိုင်မလဲ။

“တပ်ပေါင်းစုဆိုတာကတော့  အမြဲတမ်းစွဲကိုင်ပြီးတော့ သွားသင့်တယ်လို့ မြင်တာပဲ။ စကားပုံလည်း ရှိပါတယ်။ ၀ါး ၇ ချောင်းကို စည်းထားရင် ချိုးလို့ မရပါဘူး။ တချောင်းချင်းချိုးရင် ရတယ်ဆိုတဲ့ ပုံပြင်အတိုင်းပဲ။ ကျနော်တို့ဟာ စုစည်းမှု ရှိကို ရှိရမယ်။ စုစည်းနိုင်မှပဲ ပန်းတိုင်ကို သွားလို့ရမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ပြီးတော့ တဖွဲ့ချင်း၊ တဖွဲ့ချင်းဆိုရင် ကျနော်တို့ဟာ တဖွဲ့ချင်း ၀ါးစားခံသွားရမှာပဲ ဖြစ်တယ်ဆိုတော့ ကျနော်တို့ မျှော်မှန်းချက်ပန်းတိုင်ကို ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ဘူး။  အစိုးရက ပေးတဲ့ အခွင့်အရေး မလောက်မငလေးတွေကို ယူပြီးတော့ အခွင့်ထူးခံ လူတစု၊ ခေါင်းဆောင်တစုရဲ့ အခွင့်အရေးရရေးပဲ၊ ပြည်သူလူထုကတော့ ဒီအတိုင်းပဲ ဖြစ်မှာပဲ။ အဲဒီတော့ ကျနော်တို့ အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်ဟာ ၂ နှစ်ကျော် ၃ နှစ်ကာလမှာ အရှေ့တိုင်း ၇ ခရိုင်မှာ ရှိတဲ့ ကရင်ပြည်နယ်က ပြည်သူလူထုတွေရဲ့ အကျိုးခံစားခွင့်တွေက  ကောင်းကျိုးထက် ဆိုးကျိုးတွေသာ တွေ့ရပါတယ်။ အဲဒါတွေကို ခြုံကြည့်လိုက်ရင် တခုခုတော့ မှားနေတယ်ဆိုတာ မြင်ပါတယ်။

“ကေအန်ယူက ဟိုတချိန်ကတော့ တပ်ပေါင်းစုကို ဦးဆောင်လာခဲ့တဲ့အတွက် ဦးဆောင်နေရာမှာ ရခဲ့တယ်။ ရခဲ့သလို တပ်ပေါင်းစု အင်အားကောင်းအောင် အမြဲတမ်း စည်းရုံးသိမ်းသွင်းခဲ့တာ ရှိပါတယ်။ အဲတော့ သဘောထားမတူ၊ အက်ကြောင်း ထွက်လာတာတောင်မှ ကေအန်ယူက ပြန်ပြီးတော့ စည်းရုံးလှုံ့ဆော်ပြီးတော့ ပေါင်းစည်းအောင် လုပ်ခဲ့သေးတာ။ အခုအချိန်မှာမှ ကေအန်ယူက မိမိကိုယ်တိုင်က ပထမဦးဆုံး ထပြီးတော့ ခွဲထွက်တယ်ဆိုတဲ့ဟာက သဘောရိုးနဲ့များ ဖြစ်ကြရဲ့လားဆိုပြီးတော့ သို့လော သို့လောပေါ့လေ ကရင်လူထုထုထဲမှာ တွေ့ရပါတယ်။”

DVB

No comments:

Post a Comment