address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, October 10, 2014

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီကမ်းရိုးတန်းသွား အမြန်ရေယာဉ်များနှင့် မြိတ်-ရနောင်းသွား ကုန်တင်လှေအချို့ ရပ်နားထားရ



10.10.2014

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေ သော Hud Hud မုန်တိုင်း၏ အရှိန်ကြောင့် တနင်္သာရီကမ်းရိုးတန်းသွား အမြန်ရေယာဉ်များနှင့် မြိတ်-ရနောင်းသွား ကုန်တင်လှေအချို့ ရပ်နားထားရကြောင်း သိရသည်။

ံ Hud Hud မုန်တိုင်းငယ်မှာ မြန်မာ့ကမ်းရိုးတန်းဒေသများသို့ ဦးတည်ရွေ့လျားခြင်း မရှိသော်လည်း မုန်တိုင်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ မွန်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများတွင် မိုးကြီးခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းနှင့် ပင်လယ်ပြင်တွင် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မုန်တိုင်းကြေညာထားတာ အခုဆို သုံးရက်ရှိသွားပါပြီ။ တစ်နာရီမိုင် ၄ဝ လို့ ကြေညာထားပါတယ်။ သစ်သားခွံကုန်လှေတွေကို ထွက်ခွင့်မပေးပါဘူး။ သံခွံသင်္ဘောကြီးတွေကို ခံဝန်နဲ့ ထွက်ခွာခွင့်ပေးထားတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တနင်္သာရီကမ်းရိုးတန်းအတွင်းရှိ ထားဝယ်-မြိတ်-ကော့သောင်းသွား အမြန်ရေယာဉ်များမှာလည်း ရာသီဥတုအခြေအနေအရ ပြေးဆွဲမှုရပ်နားထားရကြောင်း သိရသည်။

“ပြီးခဲ့တဲ့ တစ်ပတ်ကလည်း တစ်ရက် နှစ်ရက်လောက်ပဲ ဆွဲလိုက်ရတယ်။ အခု မုန်တိုင်းအရှိန်ကြောင့် ပြေးဆွဲမှု ရပ်နားထားရပါတယ်။ လေတိုင်နှုန်း တစ်နာရီ မိုင် ၃ဝ လောက်မှ ပြေးဆွဲမှုပြုလုပ်နိုင်မှာပါ”ဟု ကမ်းရိုးတန်းသွား အမြန်ရေလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြိတ်-ရနောင်းသွား ကုန်လှေအချို့နှင့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များ ပြေးဆွဲမှုရပ်နားထားသော်လည်း မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများပေါ်သို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ၊ ငါးသယ်လှေများနှင့် ငါးဖမ်းလှေကြီးများမှာ ပုံမှန်အတိုင်းသွားလာနေကြောင်း သိရသည်။ အဆိုပါလှေများမှာ ကျွန်းခိုသွားလာနိုင်ခြင်း၊ ရေထွက်ပစ္စည်းများ ပုပ်သိုးမှုမဖြစ်ပေါ်စေရန် ရာသီဥတုအခြေအနေကြည့်ပြီး ခုတ်မောင်းသွားလာရကြောင်း သိရသည်။ ပင်လယ်ပြင်အတွင်း တစ်နာရီ မိုင် ၄ဝ ကြေညာထားပါက သစ်သားခွံလှေများ နှင့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များအား ထွက်ခွာခွင့်ပိတ်ထားရပြီး သံခွံသင်္ဘောကြီးများနှင့် ငါးဖမ်းလှေများသာ ကျွန်းခိုပြီးအခြေအနေကြည့် သွားလာရကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော Hud Hud မုန်တိုင်းငယ်မှာ ဆက်လက်ရွေ့လျားနေပြီး အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ပြည်နယ်သို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်များအရ သိရသည်။

Eleven Media Group

No comments:

Post a Comment