address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, October 22, 2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စဉ် အခြေအနေများကို ကရင်အမျိုးသားအစည်းအရုံး [KNU] အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် တွေ့ဆုံခြင်း




 
‘‘ကရင်မှာဖြစ်တာ အများစုက သံသယစိတ်နဲ့ အောက်ခြေမှာ နားမလည်မှုတွေကြောင့် ဖြစ်တယ်’’
===================================================
22.10.2014

ပြည်ထေင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့( NCCT) တို့ ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲအပြီး စက်တင်ဘာနောက်ဆုံးပတ်က ကရင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခအချို့ ပြန်လည်ဖြစ်ပွားခဲ့သည်။


အစိုးရတပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တို့ကြား တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားခဲ့ပြီး မည်သည့်အဖွဲ့က ပစ်ခတ်သည်မသိရသေးသော လက်နက်ကြီးကျည်ဆန် ထိမှန်မှုများကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်ကလည်း ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်း၍ ကော်သူးလေတပ်မတော် (KAF)အဖြစ် ပြန်လည်ပေါင်းစည်းရန် သဘောတူညီချက်ကို ကရင်အမျိုးသားအစည်းအရုံးလက်အောက် KNLA ဒုစစ်ဦးစီးချုပ်၊ KNDO ဦးစီးချုပ်၊ DKBA စစ်ဦးစီးချုပ်နှင့် KNU/KNLA-PC ဗျူဟာမှူးဗိုလ်မှူးကြီးစောတိုက်ဂါးတို့ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်ထုတ်ပြန်ပြီး နောက်တစ်ရက် အောက်တိုဘာ ၁၄ ရက်၌ ကရင်အမျိုးသားအစည်းအရုံး (KNU)က KAF သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် KNLA ဒုစစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ်တို့သည် ၎င်းတို့ သဘောထားအမြင်ပေါ်တွင် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ DKBA တာဝန်ရှိသူအချို့ကလည်း ယင်းကြေညာချက်တွင် လက်မှတ်ရေးထိုးမှုကို ၎င်းတို့ဦးစီးချုပ်ကိုယ်တိုင် မသိရှိရကြောင်းနှင့် ပြဿနာများ ပြန်လည်ဖြစ်ပွားမည်ကို ပူပန်ကြောင်း ပြောဆိုကြသည်။ ထို့အပြင် KNU/KNLA-PC မှလည်း ဗိုလ်မှူးကြီးတိုက်ဂါးကို အဖွဲ့မှထုတ်ပယ်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းအခြေအနေများ၏ အကျိုးသက်ရောက်မှု၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စဉ် အခြေအနေများကို ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းနှင့် ဆက်သွယ်မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ သဘောထားကို သိပါရစေ။

ဖြေ- ၁၅ ကြိမ်မြောက် KNU ကွန်ဂရက်မှာ ချမှတ်ထားတဲ့မူတစ်ခုရှိတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားနိုင်ငံရေး ဦးတည်ချက်ဖြစ်ဖို့အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးဟာ အဓိကမဏ္ဍိုင်ဖြစ်နေတယ်။ ကရင်အမျိုးသားများတွေဟာ နေထိုင်တဲ့နေရာဒေသလည်း မတူကြဘူး။ ကွဲပြားနေတယ်။ ပြည်တွင်းမှာရှိနေတာနဲ့၊ နယ်စပ်မှာရှိနေတာနဲ့၊ ယိုးဒယားဒုက္ခသည်စခန်းမှာရှိနေတာနဲ့။ နိုင်ငံတကာရောက်နေတဲ့ ကရင်တွေက အမျိုးသားပြန်လည်စည်းလုံးဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့တစ်ဖွဲ့ရှိသလို ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့အစည်း အထူးသဖြင့် ကရင်လက်နက်ကိုင်အဖွဲ့အစည်း၊ များသောအားဖြင့် ကရင်ပြည်နယ်ထဲမှာရှိနေတဲ့ အနေအထားကလည်း ဦးဆောင်မှုချင်းမတူကြဘူး။ ပြီးတော့ နိုင်ငံရေးရည်မှန်းချက်နဲ့ပတ်သက်ပြီး ပြောနေတာကတော့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူမယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်တဲ့အခါမှာ နိစ္စဓူဝလုပ်နေတာက သီးခြားအဖွဲ့အစည်းနဲ့ စီမံခန့်ခွဲတာပေါ့။ အထူးသဖြင့် နယ်မြေသတ်မှတ်မှုက တိတိကျကျမရှိတော့ ကိုယ့်ရဲ့အုပ်ချုပ်ရေးဒေသလွှမ်းမိုးတဲ့ ဒေသတွေကြားမှာ ပဋိပက္ခတွေရှိတယ်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းကြားမှာ အစိုးရစစ်တပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိနေတဲ့ BGF (နယ်ခြားစောင့်တပ်)နဲ့ DKBA (ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်) တစ်ခါတလေဖြစ်တယ်။ BGF နဲ့ KNLA နဲ့ ဖြစ်တာလည်း ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ BGF က တစ်ဖက်ကညွှန်ကြားမှုခံနေရတာကိုး။ တိုက်ပွဲဖြစ်တဲ့အပေါ်မှာ ဒီလိုလုပ်လို့မရဘူး။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ညီညွတ်ဖို့လိုတယ်ဆိုပြီး ကျွန်တော်တို့ ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီတစ်ခုကို ဖွဲ့ခဲ့တယ်။

တကယ်တော့ စည်းလုံးညီညွတ်ရေး၊ ပဋိပက္ခမဖြစ်ရေးအတွက် ကော်သူးလေတပ်မတော်ဖွဲ့ဖို့အတွက် အစီအစဉ်မရှိဘူး။ ဒီအဖွဲ့တွေကို ပြန်ကြည့်ရင် KNU/KNLA က ခွဲထွက်တဲ့အဖွဲ့တွေပဲ။ သီးခြားဖွဲ့လိုက်ရင် ဦးဆောင်မှု ဘယ်ကခံယူမလဲဆိုတဲ့ကိစ္စ မေးခွန်းဖြစ်နေတယ်။ ကျွန်တော်တို့အဖွဲ့အစည်းမှာ ဆုံးဖြတ်ချက်အတိအကျမရှိသေးဘူး ကော်သူးလေတပ်မတော်ဖွဲ့မယ်ဆိုတာ။ စုစည်းပြီးတော့ တစ်ဖွဲ့တည်းဖြစ်ရေးတော့ ဘာပေါ်လစီမှမရှိဘူး။ ဗိုလ်ချုပ်ဘောကျော်ဟဲ (KNLA ဒုစစ်ဦးစီးချုပ်) ကျွန်တော့်ကို ဖုန်းဆက်တယ်။ ခင်ဗျားလုပ်တာ ကျွန်တော် ရှင်းလိုက်ရတာ မတတ်နိုင်ဘူး၊ ရှုပ်ကုန်ပြီ။ သူကတော့ အခု KNU ထုတ်ပြန်ချက်ကောင်းတယ်။ သူက ရှင်းပြမယ်။ ခင်ဗျားက ငြိမ်းချမ်းရေးအတွက် ကြိုးစားတာပေါ့။ ဒီဥစ္စာက ငြိမ်းချမ်းရေးကို တွန်းနိုင်ဖို့အတွက် လုပ်တဲ့သဘော၊ ကျွန်တော်တို့ တပ်တွေစုစည်းမှုရှိမှ ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင် အားရှိမယ်လို့ သူ့အမြင်မှာ အဲဒီလိုခံစားချက်ရှိမယ်ထင်တယ်။ ပြန်လည်တိုက်ခိုက်မယ်ဆိုတာကတော့ မခံချင်စိတ်နဲ့ ပြောနေကြတာ။ လက်တွေ့မှာတော့ အဲဒီလိုစိတ်မရှိဘူးလို့ ခံစားမိတယ်။ ဗိုလ်ချုပ်ဘောကျော်ဟဲလည်း ငြိမ်းချမ်းရေးကို လက်ခံတာပဲ။

မေး- KNU အနေနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည်ပေါင်းစည်းဖို့ ကော်မတီဖွဲ့ထားလျက်သားနဲ့ ဘာကြောင့် KAF (ကော်သူးလေတပ်မတော်)ဆိုတာ ပေါ်ပေါက်လာတာလဲ။

ဖြေ- KNDO ဆိုတာ KNLA လက်အောက်ခံပဲ။ တကယ့်အဖွဲ့အစည်းခေါင်းဆောင်တွေက ထိုးတဲ့လက်မှတ်မဟုတ်ဘူး။ တိုက်ဂါးနဲ့ပတ်သက်ပြီးက အဆိုးဆုံးပဲ။ အဖွဲ့အစည်းက သူ့ကိုအမိန့်မနာခံမှု စည်းကမ်းမလိုက်နာလို့ ထုတ်မယ်လို့ သတင်းထွက်နေတာကြာပြီ။ ဒါကြောင့် လက်မှတ်ထိုးပြီးနောက်တစ်ရက်မှာ သူ့ကိုထုတ်လိုက်ပြီ။ တိုက်ဂါးအဖွဲ့မှာ အင်အားက ၄၀-၅၀ ပဲရှိမှာပါ။ ကျွန်တော်တို့ တပ်မဟာမှူးတွေ လက်မှတ်ထိုးရင် ဒီထက်အများကြီး အင်အားရှိတယ်။ ဒီလိုသာ ကိုယ်အချင်းချင်းနားလည်မှုနဲ့ တည်ဆောက်မယ်ဆိုရင် အမြင်ကတစ်မျိုးဖြစ်သွားမှာပေါ့။ ကျွန်တော့်အမြင်ကတော့ သူ့နောက်မှာ သူတို့ကို ဒီလိုလုပ်ဖို့အတွက် တိုက်တွန်းမှုတွေရှိကောင်းရှိနိုင်မယ်လို့ ထင်တယ်။ ကျွန်တော်လည်း သူ့ကို (ဗိုလ်ချုပ်ဘောကျော်ဟဲ) ပြောထားပါတယ်။ ဗဟိုနဲ့ ပြန်တွေ့ဖို့ အစည်းအဝေးမှာ လာရှင်းပြမယ်လို့ ပြောတယ်။

မေး- ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကျင်းပတဲ့ KNU ဗဟိုကော်မတီအစည်းအဝေးမှာ KNU ဥက္ကဋ္ဌက ခွဲထွက်ချင်တဲ့လူ ထွက်လို့ရတယ်လို့ ပြောတာရှိပါတယ်။ အခု အဲဒီအခြေအနေကကော ဘယ်လိုရှိလဲ။

ဖြေ- အမြင်မတူတာတော့ရှိတာပေါ့။ အထူးသဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအပေါ်မှာ မူတည်ပြီးတော့။ ဘာဖြစ်လဲဆိုတော့ တစ်ဖက်ကလည်း အစိုးရကို ယုံကြည်လို့မရဘူးလို့ မြင်တယ်။ အစိုးရအဆက်ဆက်ပဲလေ။ အတိုက်အခံ ပီပီသသနဲ့။ ကျွန်တော်တို့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာ တစ်ဖက်နဲ့ တဖက်ချဉ်းကပ်ပြီးတော့ ဆွေးနွေးရမယ်။ နားလည်မှု တည်ဆောက်ရမယ်ဆိုတဲ့အပိုင်း။ အဲဒီလို အမြင်မတူတာတွေရှိတာပေါ့။ ဒါပေမဲ့ ခွဲထွက်မယ်ဆိုတဲ့ အနေအထားတော့ မရှိဘူး။ လျှောက်ပြော၊ လျှောက်ရေးနေတဲ့ လူတွေက အပြင်က လူတွေဖြစ်မယ်။ ကျွန်တော်တို့ တော်လှန်ရေးကာလမှာ သူများပြောသလို ရန်ငါစည်းခြားရမယ်။ ရန်သူဆိုတာ ရန်သူလို နေရမယ်။ ဒါတွေက သူတို့ခေါင်းထဲမှာ စွဲနေတာ။ အထူးသဖြင့် ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေ၊ နယ်စပ်က တက်ကြွလှုပ်ရှားသူတွေ နိုင်ငံတကာရောက် ကလေးတွေမှာလည်း ရှိတယ်။ တကယ့်နိုင်ငံရေးကို သုံးသပ်နိုင်တဲ့ လူကြီးတွေမှာတော့ ဒီလိုသုံးသပ်တာ မရှိတော့ဘူး။

မေး- UNFC ကိစ္စကို ကြည့်ခြင်းအားဖြင့် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကြား KAF ကိစ္စကို ကြည့်ခြင်းအားဖြင့် စစ်ဦးစီးချုပ်နဲ့  ဒုစစ်ဦးစီးချုပ်တို့ ကြား သဘောထားကွဲလွဲနေတာ တွေ့ရတယ်။ ဒီခေါင်းဆောင်တွေကြား အဓိကကွဲလွဲနေတာ ဘာလို့ထင်ပါသလဲ။

ဖြေ- အထူးသဖြင့် ငြိမ်းချမ်းရေးကိစ္စပါပဲ။ လုပ်ဆောင်မှုက အားနည်းချက်ရှိရင်လည်း ရှိမှာပေါ့။ အဖွဲ့အစည်းတွင်းဆိုတာ အဖွဲ့အစည်းပုံစံလုပ်နေတဲ့အပိုင်းရှိတယ်။ အဖွဲ့အစည်းပုံစံမလုပ်ရင် ဒါတွေဟာ သံသယစိတ်တွေရှိလာမှာပေါ့။ ဥက္ကဋ္ဌကတော့ ရိုးရိုးလေးပဲ။ နှစ် ၆၀ ကျော်ကြာတဲ့အထိ ဖြစ်လာတဲ့ ဒီကိစ္စကို ဘယ်လိုမှရှင်းလို့မရဘူး။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲနဲ့ ရှင်းရမှာပဲ။ အဲဒီအတွက် အပစ်အခတ်ရပ်စဲရေးလိုတယ်။ ဒါပေမဲ့ တပ်တည်ဆောက်နေတဲ့ နေရာမှာတော့ သူ့မှာ တိုက်ရိုက်တာဝန်မရှိဘူး။ တပ်တည်ဆောက်တာ တပ်မှူးတွေမှာ တာဝန်ရှိတယ်။ ကိုယ်ရဲ့ နိုင်ငံရေးဦးတည်ချက်ကို သွားနေတဲ့အချိန်မှာ ကိုယ့်ရဲ့ တပ်ပြင်ဆင်မှုဆိုတာက ငြိမ်းချမ်းရေးအတွက်ပဲဖြစ်စေ၊ တိုင်းပြည်အတွက်ပဲ ဖြစ်စေပေါ့နော်။ တပ်ဆိုတာ တကယ် Professional တပ်ဖြစ်အောင် တည်ဆောက်ရမှာ တပ်မှူးတွေရဲ့တာဝန်ပဲ။ တစ်ချိန်တုန်းကတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပေမယ့် တကယ်စစ်ဆင်ရေးကြုံနေရတဲ့အတွင်းမှာ ငြိမ်းချမ်းရေးလုပ်နေတဲ့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ တပ်ပြန်လည်တည်ဆောက်ရေးက လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ အဲဒါတွေလည်းရှိတာကိုး။ ဒီနေရာမှာ သူတို့က အချို့တပ်မှူးတွေ တပ်ပြန်တည်ဆောက်တဲ့နေရာမှာ အားနည်းတဲ့အပေါ်မှာ အမျိုးမျိုးသုံးသပ်မှာပေါ့။ စစ်ရေးကို အားမပေးတဲ့သဘောလို သုံးသပ်တာပေါ့။ ကျွန်တော့်အမြင်က စစ်ရေးဆိုတာ တစ်ဖက်ကို အနိုင်ယူဖို့မဟုတ်ဘူး။ ကိုယ့်ရဲ့ နိုင်ငံရေးရပ်တည်ချက်အတွက် ၊ ကိုယ့်နိုင်ငံရေးလိုလားချက်ကို ဖြည့်စွမ်းဖို့အတွက် တွန်းအားပေးဖို့ လုပ်တာလို့ ဒီလိုပဲမြင်တာပေါ့။ ဗိုလ်ချုပ်ဂျော်နီက ရိုးတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သူသုံးသပ်တာ ဒီနည်းလမ်းပဲရှိတယ်။ ဒါပေမဲ့ တပ်တည်ဆောက်တဲ့အပိုင်းမှာ Professional တပ်ဖြစ်လာဖို့အတွက် လိုအပ်မှုက အများကြီးရှိတာပေါ့။ ငွေကြေး၊ အတတ်ပညာ အများကြီးလိုတာပေါ့။ အစိုးရတပ်မတော် တကယ် Professional တပ် တည်ဆောက်လို့ မရသေးဘူး။ သိတဲ့အတိုင်းပဲ။

မေး- အဖွဲ့အစည်းအတွင်းမှာ စည်းကမ်းဖောက်ဖျက်တာတို့ အဖွဲ့အစည်းရဲ့ သဘောတူညီချက်မရဘဲ လုပ်တာတို့ဆို အရေးယူတာတွေရှိတယ်လို့ ကြားဖူးပါတယ်။ ဒီကိစ္စမှာကော အဖွဲ့အစည်းအနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲ။

ဖြေ- အဖွဲ့အစည်းက သဘောမတူရင် အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်မဟုတ်ဘူးလို့ ခံယူတာပေါ့။ ဒါပေမဲ့ ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့မှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီဆိုတာရှိတယ်။ သူတို့က အဆင့်ဆင့်လုပ်သွားတာ ဘယ်လောက်ထိခိုက်မှုရှိလဲ။ စည်းကမ်းဖောက်လိုက်တိုင်း ထိန်းသိမ်းမှု၊ ပညာပေးမှု နောက်ဆုံးမှာ အဖွဲ့က ထုတ်လိုက်တယ်။ တကယ်ပြစ်မှုတွေကတော့ ဥပဒေအတိုင်း အရေးယူတယ်။ အချိန်ကတော့ စည်းကမ်းကို တိတိကျကျ ဆောင်ရွက်ခဲ့ပေမယ့် အခုအနေအထားအရ ပညာပေးမှုကို ဦးစားပေးလုပ်ရတာရှိတယ်။ အကုန်လုံးက ထိန်းနေတာရှိတယ်။

မေး- အခု KAF ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ကော ဖြေရှင်းတာမျိုး လုပ်သေးလား။

ဖြေ- ဆွေးနွေးတာမရှိပေမယ့် ဆက်သွယ်ပြီးတော့ ရှင်းပြတာတော့ရှိပါတယ်။ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးတာတော့မရှိဘူး။ ရှင်းရှင်းပြောရမယ်ဆိုရင် အစိုးရကလည်း စိုးရိမ်မှုလွန်ကဲတယ်။ ဒီဖက်ဒရယ်တပ်မတော်ဖွဲ့တာတို့ ဘာတို့ဆိုတာ ကျွန်တော်တို့ အခုနောက်ဆုံးဆွေးနွေးပွဲ (UPWC နှင့် NCCT ဆွေးနွေးပွဲအဆင်မပြေတာလည်း ဒီကိစ္စတွေကြောင့်လည်း ပါတယ်။ ဖက်ဒရယ်တပ်မတော်ဆိုတာ လက်တွေ့မှာကျတော့ ဘာမှလဲ ဖြစ်လာနိုင်မယ့်ကိစ္စမဟုတ်ပါဘူး။ ဘာမှလဲ အန္တရာယ်ပေးမယ့် ကိစ္စမဟုတ်ပါဘူး။ ဒီအခြေအနေက အကုန်လုံးသိနေတာပဲ။ ဖက်ဒရယ်တပ်မတော် ဘယ်လိုထောင်မလဲ။ အချို့အဖွဲ့တွေက တပ်သားတောင်မရှိတဲ့ အဖွဲ့အစည်းတွေက ဘယ်လိုသွားဖွဲ့မလဲ။ အစိုးရက အစိုးရိမ်လွန်တဲ့ အပိုင်းဖြစ်နေတယ်။ အခု KAF (ကော်သူးလေတပ်မတော်)လည်း ဒီအတိုင်းပဲ။ ဒီအဖွဲ့တွေ ပြန်တိုက်မလား။

တကယ်တိုက်မယ်ဆိုရင် သူများ လက်ခံနိုင်မလား၊ ဘယ်လိုစုစည်းမလဲ၊ တပ်မတော်ခေါင်းဆောင်တွေကလည်း သတင်းတွေဖတ်ပြီး ဆုံးဖြတ်တာကိုး။ တကယ့်လက်တွေ့မှာ ဖြစ်နိုင်ခြေရှိသလား၊ မရှိဘူးလား သုံးသပ်ဖို့ လိုတာကိုး။ အချို့လူထုက စိုးရိမ်တယ်။ အချို့လူထုက KAF ဆိုတာ တပ်ပေါင်းစုကြီးဆိုပြီး ၀မ်းသာတယ်။ ကရင်အမျိုးသားတပ်မတော်ကြီး တကယ့်ကြီးကြီးမားမား ထင်နေတာ။ ကျွန်တော်တို့ လွန်ခဲ့တဲ့အချိန်ဆိုတာမျိုးပေါ့။ ၁၉၉၀ နောက်ပိုင်းမှာဆိုထားလိုက်။

မေး- KAF ကြောင့် KNU နှစ်ခြမ်းကွဲသွားနိုင်လား။

ဖြေ- မဖြစ်နိုင်ဘူး။ အောက်ခြေတပ်မှူးတွေရဲ့ ရပ်တည်မှုကို ဘယ်လိုသွားလုပ်မလဲ။  

မေး- ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကရင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတချို့ ပြန်လည်ဖြစ်ပွားခဲ့တယ်။ ဘယ်အဖွဲ့လက်ချက်မှန်း မသိရသေးတဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်။ ဒီအခြေအနေတွေကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိလာနိုင်ပါလဲ။

ဖြေ- ကျွန်တော့်အမြင်ကတော့ အခုလုပ်နေတဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်မှ ဒါတွေပြေလည်မယ်။ အခုတစ်ဖွဲ့ချင်း လက်မှတ်ရေးထိုးထားတာတွေ ရှိပေမယ့်နော်၊ စစ်သည်တော်ကျင့်ဝတ်တွေ ဒါတွေသတ်မှတ်ထားမှု မရှိသေးတာတွေ၊ ယုံကြည်မှု မပြည့်ဝသေးတာတွေ၊ သံသယစိတ်နဲ့ ဖြစ်တာတွေရှိတယ်။ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ရင် ပိုပြီးထိရောက်သွားမယ်။ ဒါတွေ မလုပ်နိုင်သေးတော့ သံသယစိတ်နဲ့ အောက်ခြေမှာ သူ့ဘက်ကမဦးခင် ကိုယ့်ဘက်က ဦးအောင်လုပ်တာတွေ ရှိတယ်။ Joint Monitoring အဖွဲ့တွေ ဖွဲ့နိုင်ရင် ပိုပြီးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ကရင်ပြည်နယ်မှာ ဖြစ်တာအများစုက အစီအစဉ်ရှိရှိနဲ့ လုပ်တာမဟုတ်ဘူး။ အထက်က Policy ကြောင့် ဖြစ်ရတာမဟုတ်ဘူး။ သံသယစိတ်နဲ့ အောက်ခြေမှာ နားမလည်မှုတွေကြောင့် ဖြစ်ရတာက များပါတယ်။ ရှမ်းနဲ့ ကချင်မှာဖြစ်တာက တစ်ဖက်နဲ့တစ်ဖက် နားလည်မှုလိုတာ (သို့မဟုတ်) စည်းကမ်းလိုက်နာတာလိုတာ။ အင်အားသုံးတာ မဖြစ်သင့်ဘူး။ အခုကြားရတာကတော့ ရှမ်းမှာဖြစ်တာ။ တပ်က သူတို့တပ်ချင်းချိန်းတာကို လာတိုက်တာလို့ သိရတယ်။ တစ်ဖက်ကပြောတော့ တစ်မျိုးဆိုတော့ ဘယ်ကမှန်ပြီး ဘယ်ကမှားတယ်ဆိုတာတော့ မသိရဘူး။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ သေနတ်နဲ့ဖြေရှင်းတာထက် တွေ့ဆုံဆွေးနွေးဖြေရှင်းတာက ပိုကောင်းတယ်လို့ မြင်ပါတယ်။

မေး- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပေါ်မှာ ဘယ်လိုသက်ရောက်နိုင်ပါသလဲ။

ဖြေ- ဒါက သံသယအခံနဲ့ ဖြစ်နေကြရတာ။ ကျွန်တော်တို့ ဒီတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်မှာ တချို့က နိုင်ငံရေးဦးတည်ချက်ရှိရှိ ပူးပေါင်းဆောင်ရွက်တာ ရှိတယ်။ တချို့က အမည်ခံပြီး ကိုယ်ရဲ့အကျိုး၊ ကိုယ်ပိုင်နားလည်မှုအပေါ် လုပ်တာရှိတယ်။ တချို့က ပုဂ္ဂိုလ်အပေါ် မူတည်တယ်။ အဖွဲ့အစည်းထက် ကျွန်တော့်အမြင်က ခံယူချက်ရှိရှိ တွေ့ဆုံဆွေးနွေးဖြေရှင်းရင် အကောင်အထည်ဖော်နိုင်မှာပါ။

မေး- UPWC နဲ့ NCCT နဲ့ ဘယ်တော့ ထပ်တွေ့မှာပါလဲ။

ဖြေ- ဒီလအတွင်းမှာ တွေ့ဖို့ကြိုးစားနေတယ်။ တစ်နည်းနည်းနဲ့တွေ့ဖို့ လုပ်ဆောင်နေတယ်။ UPWC နဲ့ NCCT မတွေ့ဖြစ်ရင်တောင် အလုပ်အဖွဲ့ချင်းပဲဖြစ်ဖြစ် ကြိုတင်တွေ့ဆုံပြင်ဆင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

မေး- ဒီနှစ်ထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဖြစ်နိုင်မလား။

ဖြေ- ဖြစ်နိုင်သမျှ စောစောဖြစ်အောင် လုပ်သွားမှာပါ။ စောစောဖြစ်နိုင်သမျှ လုပ်ချင်ရင် နှစ်ဖက်နားလည်မှု မရစရာ၊ မညှိနှိုင်းနိုင်စရာ မရှိပါဘူး။ သံသယတွေ၊ ရပ်တည်ချက်တွေအပေါ် ညှိမရနိုင်စရာ မရှိပါဘူး။ အဲဒီလိုညှိနှိုင်းနိုင်ရင် ဒီ ၂၀၁၄ ခုနှစ်အတွင်းမှာလည်း ဖြစ်သွားနိုင်မှာပါ။

မေး- ဘာများ ဖြည့်စွက်ပြီး ပြောကြားချင်သလဲ။

ဖြေ- ကျွန်တော်တို့အမြင်က အခု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ နှစ်ဖက်ကြိုးစားညှိနှိုင်းနေတာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပါပြီ။

ဒီတိုးတက်မှုအပေါ်မှာ အပေးအယူမျှမျှနဲ့ နှစ်ဖက်လုပ်ရင် လိုချင်တဲ့ ပန်းတိုင်ရရှိနိုင်မှာ ဖြစ်တယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကို အစိုးရဘက်ကလည်း အရင်ကလို တစ်ဖွဲ့တည်းမဟုတ်ဘူး။ အကုန်လုံးနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ အနေအထားမှာ ပြည်သူတွေရဲ့ ဆန္ဒကို၊ လိုလားချက်ကို ရရှိအောင် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရင် ရရှိမယ်လို့ မြင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ 

7Day News Journal 

No comments:

Post a Comment