address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, June 30, 2014

PR စနစ်အပေါ် နိုင်ငံရေးပါတီများ အထင်လွဲနေခြင်းကို ရှင်းမည်ဟု NDF ဆို

June 30, 2014

PR (အချိုးကျ ကိုယ်စားပြုစနစ်) နှင့် တင်သွင်းခြင်းကို အခြားနိုင်ငံရေး ပါတီများ အထင်လွဲနေမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရှင်းလင်းသွားမည် ဖြစ်ကြောင်း ယင်းစနစ်ကို အသုံးပြုရန် အကြိမ်ကြိမ် အဆိုပြုခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

အဆိုပါ ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ဇူလိုင်လ ၂ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကော်မရှင်က ကြေညာထားသည်။

“PR စနစ်ကို လွှတ်တော်မှာ ကျွန်တော်တို့က တင်တာဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး မကျေလည်တာတွေကို အခြားပါတီတွေက မေးမြန်းမှာပါ။ အဲဒီအတွက် ကျွန်တော်တို့ဘက်က ရှင်းလင်းဖို့ ပြင်ဆင်ထားပါတယ်” ဟု ၎င်းကဆိုသည်။


အဆိုပါ ရွေးကောက်ပွဲ PR စနစ်နှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်း တရားဝင် ထုတ်ပြန်ထားသောကြောင့် တိုင်းရင်းသားဒေသများတွင် PR စနစ် လက်မခံနိုင်သည့် အကြောင်းအရာများကို ချပြ ဆွေးနွေးမည်ဖြစ်ကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် ဖက်ဒရယ် မဟာမိတ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောကြားသည်။
ဇွန်လ ဒုတိယပတ်အတွင်း အမျိုးသားလွှတ်တော်တွင် PR ကျင့်သုံးရန် အဆိုတင်သည့် အချိန်မှစပြီး PR စနစ်ကို ကန့်ကွက်ကြောင်း NBF က လေးကြိမ်မြောက် ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲများ၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ရာတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရန် အဆိုကို တပ်မတော်သားများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) အပါအဝင် တိုင်းရင်းသားပါတီများ ကန့်ကွက်ကြသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ များသဖြင့် အမျိုးသားလွှတ်တော်က ဇွန်လ ဒုတိယပတ်အတွင်း အတည်ပြုလိုက်သည်။

ထို့အပြင် PR စနစ် ကျင့်သုံးရေးအတွက် လွှတ်တော်အတွင်း ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ်များ၏ အကြံပြု တင်ပြချက်များကို အစီရင်ခံစာ ရေးဆွဲရန် ကိုယ်စားလှယ် ၁၅ ဦး ပါဝင်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသော PR စနစ် အစီရင်ခံစာကို ရေးဆွဲပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့မည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။

ယင်းသို့ အမျိုးသားလွှတ်တော်တွင် အချိုးကျကိုယ်စားပြုစနစ် (PR) အသုံးပြုရန် အတည်ပြုလိုက်သော်လည်း တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF အဖွဲ့) သည် ရွေးကောက်ပွဲများတွင် PR စနစ် အသုံးမပြုရေးအတွက် ပြည်နယ်ခုနစ်ခုတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment