address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, June 1, 2014

ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီသာ သတိပေးခြင်းဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တုံ့ပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား သတိပေးစာ ပေးပို့ခဲ့ခြင်းသည် သတ်မှတ်ပြဌာန်းထားသည့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် ကThe Daily Eleven ကို ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ မေ ၁၈ ရက်က မန္တလေးမြို့၌ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် စပ်လျဉ်း၍ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင်ကို ကျော်လွန်နေသည်ဟုဆိုကာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြဌာန်းချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၄)ပါ လွှတ်တော်ကိုယ်စားလှယ် ကတိသစ္စာပြုခြင်းတို့အား ရည်ညွှန်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေ ၂၂ ရက်တွင် သတိပေးစာ ပေးပို့ခဲ့သည်။
သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုများသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင် ကျော်လွန်နေပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကသာ ပြောကြားရမည့် ကိစ္စဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြောကြားခွင့်မရှိသည့် ကိစ္စအား တပ်မတော်ကို ထိခိုက်လာနိုင်သဖြင့် ဝင်ရောက်ပြောဆိုခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ဥပဒေပညာရှင်များက သုံးသပ်ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးပါတီဝင်တစ်ဦးဖြစ်သည့်အပြင် ပါတီခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်၌ ပုဂ္ဂလိက တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ထိခိုက်စေမည့်စကားများ မပြောဆိုရဆိုသည့် ဥပဒေပြဌာန်းချက် အား လေးစားလိုက်နာပါမည်ဟု လက်မှတ်ရေးထိုးထားကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍ အသုံးအနှုန်းသည် ငြိစွန်းထိခိုက်နိုင်သဖြင့် သတိပေးခြင်းဖြစ်ကြောင်း ဦးသောင်းလှိုင်က ပြောကြားသည်။
“သူဟာ နိုင်ငံရေးပါတီခေါင်းဆောင်ဖြစ်သလို ပါတီဝင်တစ်ဦးလည်း ဖြစ်တဲ့အတွက် ပါတီတွေနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်က ကော်မရှင်ဥပဒေထဲမှာ ရှိပါတယ်။ ပုဒ်မ ၁ဝ (ဌ)မှာပါ။ နိုင်ငံရေးပါတီများကို ကျွန်တော်တို့ က မှတ်ပုံတင်ခွင့် ပြုရမယ်။ ပြီးရင် သူတို့ကို ကြီးကြပ်ရမယ်။ ကြီးကြပ်စေရမယ်။ ကြီးကြပ်တယ်။ ကြီးကြပ်စေရမယ်ဆိုတာတော့ အသားလွတ်ကြီး ကြီးကြပ်လို့ မရပါဘူး။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် အညီဆောင်ရွက်စေ၍ ကြီးကြပ်တာပဲ။ ဥပဒေမှာ သူတို့က ဒီလို ဒီလို လိုက်နာပါမယ်လို့ ပြောပြီးတော့ သူက ဒီလိုဒီလိုပြောဆိုခြင်းသည် ကျွန်တော်တို့က သူ့ကို သတိပေးဖို့။ အသိပေးဖို့ လိုအပ်တယ်။ အခြားပါတီတွေကိုလည်း ကျွန်တော်တို့ သတိပေးထားတာ။ အသိပေးထားတာ ရှိပါတယ်။ ဒါ သူတို့တစ်ယောက်တည်းကို ရည်ညွှန်းပြီး ဆောင်ရွက်တာ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့မှာ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ အသိပေးရမယ်။ သတိပေးရမှာရှိတဲ့အတွက် ကျွန်တော်တို့က အသိပေးခြင်း သတိပေးခြင်း ဖြစ်တယ်”ဟု ဦးသောင်းလှိုင်က ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မလုပ်ဆောင်ရန် ရွေးကောက်ပွဲကော်မရှင်က တားမြစ်သည့်စကားလုံး တစ်လုံးမှမပါဝင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်း လွတ်လပ်စွာပြောဆို စည်းရုံးခွင့်ရှိသည့် ပြဌာန်းချက် ပါဝင်သော်လည်း အဖွဲ့အစည်းများအား မထိခိုက်ရဟု တားမြစ်ချက်မျိုး ပါဝင်ကြောင်း ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆက်လက်ပြောကြားသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒါလေးပါတယ်။ ဒါလေးပေါ်မှာပါတဲ့ ဒီအဖွဲ့အစည်းတွေပေါ်မှာ ဒီလိုပြောနေတဲ့ ကိစ္စလေးတွေ ရှိတယ်။ ဒါလေးတွေ သတိထားပြီးဆောင်ရွက်ပေးပါ။ ဒါကို ပြောတာလေ။ ဥပဒေကြီးကို ခင်ဗျားတို့ ဘောင်ကျော်နေတယ်လို့ ပြောတာမဟုတ်ဘူးလေ။ စာက အရှည်ကြီးရေးထားတဲ့အပေါ်မှာ ရှေ့ကစာလုံးလေး နှစ်လုံးသုံးလုံးလောက်ယူပြီး ဒီလောက်ပဲ။ ချိတ်လိုက်တော့ အကြီးကြီးဖြစ်သွားတာပေါ့”ဟု ဦးသောင်းလှိုင်က ပြောကြားသည်။
ထိုကဲ့သို့ ရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကော်မရှင်သို့ အကြောင်းပြန်စာ (သို့) ကြေညာချက် ထုတ်ပြန်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
“ကျွန်တော်တစ်ခုပြောနိုင်တာက ဖွဲ့စည်းပုံဥပဒေက ခွင့်ပြုတဲ့ဘောင်ကို ကျော်တယ်လို့ပြောတာ။ အဲဒါ ဥပဒေနဲ့မညီဘူးဗျ။ ဒီပြောတာကိုက မညီဘူး။ ဥပဒေဘောင် ကျော် မကျော်ဆိုတာ ကျွန်တော်တို့လည်း ပြောနိုင်တာမဟုတ်ဘူး။ ပါလီမန်ကလည်း ပြောနိုင်တာ မဟုတ်ဘူး။ ဖွဲ့စည်းပုံခုံရုံးကသာ ပြောရမယ့်ဟာ။ သူ့မှာသာ တာဝန်ရှိတယ်။ အဲဒီတာဝန်ရှိတာကို ဒီဘက်က ရွေးကောက်ပွဲကော်မရှင်က ပြောတာဟာ ဥပဒေအရ မှားတယ်လို့ အန်ကယ်တို့က ဒီလိုပဲမြင်တယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြော ကြားသည်။
Eleven Media Group

No comments:

Post a Comment