address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, May 31, 2014

မြစ်ကြီးနား အပါအဝင် မြို့ကြီးအချို့တွင် အင်အား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အပါအဝင် ဗန်းမော်မြို့နှင့် ဝိုင်းမော်မြို့တို့တွင် မေလ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၅၁ မိနစ်ခန့်က အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားကြောင်း နေပြည်တော် အမျိုးသား မြေငလျင် သတင်းထုတ်ပြန်ရေးဌာနက ကြေညာချက် ထုတ်ပြန်သည်။


အဆိုပါ ငလျင်သည် မန္တလေး မြေငလျင်စခန်း၏ အရှေ့မြောက်ဘက် ၂၃၅ မိုင်ခန့်အကွာ မြန်မာ- တရုတ်နယ်စပ်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး အင်အား အသင့်အတင့် ရှိသော်လည်း ထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ဒီမှာတော့ တစ်မိနစ် နီးပါးလောက် ကြာတယ်။ အပျက်အစီးတော့ မရှိပါဘူး။ အဓိကကတော့ ဝါရှောင် အရှေ့ဘက် တရုတ်နယ်စပ်ဘက်ကို လှုပ်သွားတာ” ဟု ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။

မြန်မာ - တရုတ်နယ်စပ်ဘက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တရုတ်နိုင်ငံတွင် ပျက်စီးဆုံးရှုံးမှု အနည်းငယ်ရှိပြီး လူ ၂၉ ဦး ထိခိုက်ဒဏ်ရာရကာ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

“ငလျင်လှုပ်တာကို ဒီမှာတော့ မခံစားလိုက်ရဘူး၊ အလှမ်းဝေးသွားလို့နဲ့ တူတယ်” ဟု တာချီလိတ်မြို့ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ငလျင်ပြတ်ရွေ့ကြောမှာ မြန်မာနိုင်ငံ စစ်ကိုင်း ပြတ်ရွေ့ကြောနှင့် ကပ်၍ ယှဉ်ပြိုင် သွယ်တန်းနေသည့် ပြတ်ရွေ့ကြောမှ လှုပ်ခတ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ပြင်ပကို ဗဟိုပြုခြင်းကြောင့် စိုးရိမ်ဖွယ် မရှိသော်လည်း သတိပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံငလျင် ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း ရန်ကုန်မြို့တော် အပါအဝင် မန္တလေး၊ နေပြည်တော်၊ ကျိုင်းတုံ၊ တောင်ငူနှင့် တာချီလိတ် အစရှိသော မြို့ကြီးတို့တွင် အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှု မရှိသော်လည်း ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင်မူ လမ်းမများ အက်ကွဲကာ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့သည်။

No comments:

Post a Comment