address
Monday, May 19, 2014
အခြေခံဥပဒေ ပြင်ဆင်ရေး စတင်ဆွေးနွေးမည်ဟု လွှတ်တော် ကိုယ်စားလှယ်များ ပြောကြား
ပြည်သူလူထုအကြား လှုပ်ရှားမှု အမျိုးမျိုးဖြင့် တောင်းဆိုနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လာမည့် မေလ နောက်ဆုံးပတ်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးများတွင် စတင်ဆွေးနွေးဖွယ် ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးများကို မေလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
“ဆွေးနွေးမယ်လို့တော့ ထင်တာပဲ။ ဒါပေမဲ့ သိပ်ပြီး ခက်ခဲတဲ့ဟာတွေတော့ မပါနိုင်ဘူး။ အားလုံး သဘောတူနိုင်တာတွေပဲ ဆွေးနွေးဖို့ များတယ်” ဟု ရှမ်းပြည်နယ် သီပေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။
လာမည့် လွှတ်တော်သက်တမ်း အတွင်း နိုင်ငံတော်သမ္မတက ပေးပို့ထားသည့် မျိုးစောင့်ဥပဒေ ရေးဆွဲရေးနှင့် ပတ်သက်သည့် ကိစ္စအပါအဝင် ဆွေးနွေးရန် ကျန်ရှိသည့် ဥပဒေများစွာ ရှိကြောင်း၊ ယင်းတို့အနက် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးဖွယ် ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
၎င်းအနေနှင့် လူ့အခွင့်အရေး၊ ပညာရေး စသည့် အရေးကိစ္စများနှင့် ပတ်သက်သည့် အကြောင်းအရာများကို မေးခွန်းများ၊ အဆိုများ တင်သွင်းရန် ရှိကြောင်း ဒေါ်ခင်ဝိုင်းကြည်က ထပ်မံပြောဆိုသည်။
အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် အနေနှင့် လွှတ်တော် လုပ်ထုံးလုပ်နည်းနှင့် အညီ လုပ်ဆောင်လျက် ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
“ကျွန်တော့်အနေနဲ့ကတော့ လူထုနဲ့ သက်ဆိုင်တဲ့၊ လူထုအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကြယ်ပွင့်ပြ မေးခွန်း ငါးခုနဲ့ အဆိုနှစ်ခု တင်ပြဆွေးနွေးဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းအပြင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အပါအဝင် ပြည်ထောင်စုလွှတ်တော်တို့တွင် ဆွေးနွေး အတည်ပြုပြီး နိုင်ငံတော်သမ္မတထံသို့ လက်မှတ်ရေးထိုးရန် ပေးပို့သည့် ဥပဒေများကို ပုံနှိပ်ထုတ်ဝေခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကို ဆွေးနွေးရန် ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။
“လောလောဆယ် ပြန်ကြားရေးက တာဝန်ယူထားတယ်လို့ ပြောတယ်။ ဒါက မဖြစ်သင့်ဘူး။ ဥပဒေနဲ့ ပတ်သက်ပြီး အချက်အလက် အသေးစိတ်ကို သိတဲ့သူတွေက ဥပဒေကြမ်းကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒါကို ဥပဒေကြမ်း ကော်မတီ ဒါမှမဟုတ် လွှတ်တော်အဖွဲ့အစည်း တစ်ခုခုကနေ တာဝန်ယူပြီး ထုတ်ဝေနိုင်ဖို့ အဲဒီအကြောင်းကို ဆွေးနွေးဖို့ စဉ်းစားထားတယ်” ဟု ၎င်းက ရှင်းလင်း ပြောဆိုသည်။
လွှတ်တော်သက်တမ်း သုံးနှစ်ကျော် ကာလအတွင်း ပုံမှန်အစည်းအဝေး ၉ ကြိမ် ကျင်းပပြီးစီးခဲ့ပြီး ဥပဒေပေါင်း ၉၂ ခု ကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီး၊ နဝမ ပုံမှန်အစည်းအဝေးများကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ မတ်လ ၂၆ နေ့အထိ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ဥပဒေ ၂၁ ခုကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment