address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, May 18, 2014

မော်လမြိုင်တပ်ပိုင်မြေများ သီးစားချ၍ ငှားရမ်းထားခြင်းမရှိဟု အရှေ့တောင်တိုင်း စစ်ဌာနချုပ်ငြင်းဆို



မော်လမြိုင်မြို့ ရွှေမြိုင်သီရိ နယ်မြေရှိ မြေဧရိယာ ၁၈၃ ဧကကျယ်ဝန်းသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ပိုင် မျှော်လင့် စိုက်ပျိုးမွေးမြူရေးစခန်းမှ တပ်ပိုင် လယ်မြေများနှင့် ငါးမွေးမြူရေး လုပ်ငန်းများကို
ပုဂ္ဂလိက လုပ်ငန်းရှင်များထံ သီးစားချ၍ ငှားရမ်း လုပ်ကိုင်ခွင့် ပေးထားခြင်း မရှိကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးသိန်းထွန်းအောင်က ငြင်းဆိုသည်။

လယ်မြေ အသိမ်းခံရသည့် လယ်သမား ၂၅ ဦးနှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီတို့ ရွှေမြိုင်သီရိ အုပ်ချုပ်ရေးမှူးရုံးတွင် မေလ ၁၄ ရက်နေ့က တွေ့ဆုံစဉ် ဗိုလ်မှူးသိန်းထွန်းအောင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စိုက်ပျိုး မွေးမြူရေးစခန်းက အသုံးမပြုသည့် လယ်မြေ ၂၃ ဒသမ ၅၉ ဧကကို လယ်သမားများထံ ပြန်လည် ပေးအပ်မည် ဖြစ်သော်လည်း ကျန်ရှိသည့် လယ်မြေများနှင့် မွေးမြူရေး ငါးကန်များကို တပ်မတော်က ဆက်လက်လုပ်ကိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းနှင့် မွေးမြူရေး ငါးကန်များ၊ ကြက်ခြံများနှင့် လယ်မြေများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ယခင်ကပင် ကိုယ်တိုင် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။


မြေအသိမ်း ခံရခြင်းကို တူညီစွာ ခံစားခဲ့ကြရခြင်းကြောင့် လယ်သမားများ၏ လယ်မြေများကို ပြန်လည် ပေးအပ်သင့်ကြောင်း၊ လယ်မြေများကို တပ်မတော်က စွန့်လွှတ်နိုင်ခြင်း မရှိပါက နစ်နာသည့် လယ်သမားများကို ပြင်ပ မြေကွက်ဖြစ်စေ၊ နစ်နာကြေးဖြစ်စေ ပေးအပ်သင့်ကြောင်း မော်လမြိုင်မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ဥက္ကဋ္ဌ ဦးကျော်ရှိန်က ပြောကြားသည်။

“၂၀၀၇ ခုနှစ် ကတည်းကနေ အခုဆို ခုနှစ်နှစ်လောက် ရှိသွားပြီ။ လယ် ၁၇ ဧကကို တစ်နှစ် စပါးက ၁၅ တင်းနဲ့ လုပ်ခဲ့တယ်။ တစ်ရာသီအတွက် စိုက်ပျိုးစရိတ်ကို သူတို့ထုတ်ပေးတယ်။ အခု ဒီနှစ်မှာ သူတို့ ဘယ်လိုကြားထားလဲ မသိဘူး။ အခလည်း မယူတော့ဘူး ထွက်ပေးပါ ဆိုပြီးတော့ ထွက်ခိုင်းတဲ့အတွက် ထွက်ပေးလိုက်ရတယ်။ သီးစားချခဲ့တာ တော့မှန်တယ်။ မနှစ်ကထိ လုပ်ခဲ့တယ်။ ဆောင်းသီးနှံကျမှပဲ ထွက်ပေးလိုက်ရတယ်” ဟု အရှေ့တောင်တိုင်း စစ်ဌာနချုပ် မျှော်လင့်စိုက်ပျိုး မွေးမြူရေးစခန်းတွင် သီးစားချ လုပ်ကိုင်ခဲ့သည့် လယ်သမား ဦးရွှေကိုက ပြောဆိုသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် ကိုးမိုင်ခန့် ကွာဝေးသည့် တပ်ပိုင်စိုက်ပျိုး မွေးမြူရေးစခန်းတွင် ပုဂ္ဂလိကပိုင် ငွေမိုး အုန်းဆီစက်ရုံတစ်ခု၊ မွေးမြူရေး ငါးကန် ၅၆ ကန် တူးဖော်ထားပြီး ငါးကန်များကို ၂၀၁၃ ခုနှစ်ထိ တစ်ကန်လျှင် တစ်ရာသီအတွက် ကျပ်ခုနစ်သိန်းဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ငှားရမ်း လုပ်ကိုင်ခဲ့ကြသည်ဟု ၎င်းက ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ တပ်မတော် ငါးမွေးမြူရေးနှင့် ကြက်မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းသည် စီးပွားဖြစ် မွေးမြူနေခြင်း မဟုတ်ကြောင်းနှင့် မော်လမြိုင်တပ် နယ်မြေအတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များကို ရိက္ခာ ထောက်ပံ့ပေးရန် အတွက်သာ မွေးမြူနေခြင်း ဖြစ်ကြောင်း ဗိုလ်မှူး သိန်းထွန်အောင်က ထပ်မံငြင်းဆိုသည်။

ငါးမွေးမြူရေး လုပ်ငန်းအတွက် ပုလဲနှင့်ငါးလုပ်ငန်း ဦးစီးဌာနက ၁၉၈၁ ခုနှစ်တွင် လယ်သမား ရှစ်ဦးထံမှ လယ်မြေ ၅၆ ဒသမ ၈၇၁ ဧကကို ပထမအကြိမ် သိမ်းယူခဲ့ပြီး ယင်းငါးမွေးမြူရေး လုပ်ငန်းကို ငါးလုပ်ငန်း ဦးစီးဌာနက ဆက်လက် လုပ်ကိုင်ခြင်း မရှိတော့သဖြင့် ၁၉၈၃ ခုနှစ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ လွှဲပြောင်း အပ်နှံပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနောက် စစ်ဌာနချုပ်က စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာမြေ လုပ်ရန်အတွက် လယ်ပိုင်ရှင် ၁၇ ဦးထံမှ လယ်မြေဧက ၁၂၀ ကျော်ကို နှစ်ကြိမ်တိုင်တိုင် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း လယ်သမား ဦးမောင်မြင့်က ပြောဆိုသည်။

The Voice

No comments:

Post a Comment