address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, May 19, 2014

မြန်မာတစ်နိုင်ငံလုံးရှိ နှလုံးရောဂါရှင် ကလေးသူငယ် ငါးထောင်နီးပါး ခွဲစိတ်ကုသရန် စောင့်ဆိုင်း


နိုင်ငံတစ်ဝန်း မွေးရာပါ နှလုံးအားနည်း ရောဂါရှိ ကလေးသူငယ်များအနက် ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးတို့တွင် ခွဲစိတ်ရန် လာရောက် စာရင်းပေးသွင်းထားသူ ငါးထောင်နီးပါး ရှိပြီဖြစ်ကြောင်း
ရန်ကင်း ကလေးဆေးရုံရှိ အထူးကြပ်မတ်ဆောင် တာဝန်ခံ ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေက The Voice သို့ ပြောကြားသည်။

ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီး အထွေထွေကုသဆောင်ရှိ အဆိုပါ ကလေးငယ်များသည် ပြင်ပလူနာဌာနများတွင် လာရောက်ကုသစဉ် မှတ်တမ်းယူထားသူများ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံလူဦးရေ ၁၀၀ တွင် ရှစ်ဦးသည် မွေးရာပါ နှလုံးအားနည်းရောဂါ ခံစားနေရသော်လည်း တစ်နိုင်ငံလုံး နှလုံးခွဲစိတ် အထူးကုဆရာဝန် ရှစ်ဦးသာ ရှိသည့်အတွက် သန်းနှင့်ချီ ရှိသော မွေးရာပါ နှလုံးအားနည်း ဝေဒနာရှင်များကို ခွဲစိတ်ရန် အခက်အခဲများ ရှိကြောင်း အဆိုပါ ဆရာဝန် အသိုင်းအဝိုင်းက ဆိုသည်။

“မြန်မာနိုင်ငံမှာတော့ ၉၀ ရာခိုင်နှုန်းက ရောဂါသိပြီး မကုနိုင်ဘူး။ နှလုံးခွဲမရဘဲ သေသွားတဲ့ ကလေးတွေလည်း ရှိပါတယ်” ဟု ကလေး နှလုံးခွဲစိတ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော်က ပြောဆိုသည်။

ကျေးလက်ဒေသများတွင် မွေးရာပါ နှလုံးအားနည်း ရောဂါနှင့် ပတ်သက်သော ကျန်းမာရေး အသိပညာ နည်းပါးမှုကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုများ ဖြစ်နေရကြောင်း၊ မွေးရာပါ နှလုံးအားနည်း ရောဂါသည် အချိန်စောစော သိရှိပါလျှင် ခွဲစိတ်ကုသပြီး သာမန်လူ တစ်ယောက်အဖြစ် နေနိုင်ကြောင်း နှလုံးအထူးကု ဆရာဝန်များက ပြောကြားသည်။

“နေ့တိုင်း ခွဲရင်တောင် တစ်ပတ်ကို ၁၅ ယောက်ပဲ ခွဲနိုင်မယ်။ ခွဲလို့ရတယ် ဆိုရင် စစ်ဆေးမယ်။ ခွဲလို့မရတဲ့အဆင့် ရောက်သွားဆိုရင် မခွဲဘဲ ပယ်ချင်လည်း ပယ်ရတယ်” ဟု ဒေါက်တာကျော်ဇင်ဝေက ပြောကြားသည်။

ကျန်းမာရေး ဝန်ကြီးဌာနက မွေးရာပါ နှလုံးအားနည်း ရှိသော ကလေးသူငယ်များကို အချိန်မီ စမ်းသပ်သိရှိရန် ကျန်းမာရေးစီမံချက်များ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

ကလေးငယ်များတွင် ပုံမှန်အကြိမ်ရေထက် နှလုံးခုန်နှုန်း မြန်ခြင်း၊ အပို နှလုံးခုန်သံ ကြားရခြင်းနှင့် နှုတ်ခမ်းပြာခြင်းတို့ ခံစားနေရပါက နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ကုသရန် ကျန်းမာရေး အသိုက်အဝန်းက တိုက်တွန်းကြသည်။

မြန်မာနိုင်ငံတွင် ကလေးနှလုံးရောဂါ အထူးကုဌာနကို ရန်ကင်း ကလေးဆေးရုံကြီးတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက စတင်တည်ထောင်ခဲ့ပြီး ယခုနှစ် မေလ ၁၇ ရက်အထိ ကလေးသူငယ် ၄၀၁ ဦးကို ခွဲစိတ်ခဲ့သည်။

စင်ကာပူ၊ မလေးရှားနှင့် အခြား နိုင်ငံတကာ ဆေးရုံ အသိုင်းအဝိုင်းများကလည်း ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နှလုံးအားနည်း ကလေးသူငယ်များကို နှစ်စဉ် အခမဲ့ လာရောက် ခွဲစိတ်ပေးလျက် ရှိသည်။

The Voice

No comments:

Post a Comment